Build Myanmar Foundation က ကြီးမှူးပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးဆုံး ရေဘေးကယ်ဆယ်ရေး နည်းပညာပြိုင်ပွဲကြီးရဲ့ အနိုင်ရသူတွေ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ နည်းပညာနဲ့ လူသားချင်းစာနာမှုကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ ပြိုင်ပွဲတစ်ပွဲပါ။ ပြည်တွင်း/ပြည်ပက စုစုပေါင်း ပါဝင်ယှဉ်ပြိုင်သူ ၁၃၉ ဦးရှိခဲ့ပြီး နောက်ဆုံးအဆင့်မှာ ပရောဂျက် ၁၄ ခု တင်သွင်းခဲ့ကြပါတယ်။

သိန်း ၁၀၀ ရေဘေးကယ်ဆယ်ရေးပြိုင်ပွဲလို့လဲ လူသိများတဲ့ ဒီဟက်ကသွန်မှာ စုစုပေါင်း ဆုအမျိုးအစား သုံးမျိုးကို ငါးဖွဲ့ခွဲ ပေးခဲ့တာပါ။

Winners of Myanmar Flood Response Hackathon 2024

Grand Innovator ဆု (မြန်မာကျပ်ငွေ ၄ သန်း)

Grand Innovator ဆု (မြန်မာကျပ်ငွေ ၄ သန်း) ကိုတော့ SATML and LORA Damage Response က ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ဒီပရော့ဂျက်က ဂြိုဟ်တုပုံရိပ်တွေကို အသုံးပြုပြီး ရေဘေးသင့်ဒေသတွေကို ဦးစားပေးသတ်မှတ်နိုင်တဲ့အပြင် LoRa နည်းပညာနဲ့ မိုဘိုင်းဖုန်းလိုင်း မရတဲ့နေရာတွေမှာပါ အရေးပေါ်ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ Machine Learning နည်းပညာကို အခြေခံပြီး ဂြိုဟ်တုဓာတ်ပုံတွေက တစ်ဆင့် ရေဘေးအန္တရာယ်ကို အချိန်နဲ့တပြေးညီ စိစစ်သုံးသပ်တာ၊ ရေဘေးသင့်ဒေသတွေကို ဦးစားပေးအဆင့် အလိုအလျောက်သတ်မှတ်ပြီး အရေးပေါ်တုံ့ပြန်မှုတွေ ဆောင်ရွက်တာအပြင် ဖုန်းလိုင်းမရတဲ့ ဒေသတွေမှာပါ အာဏာပိုင်၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရေဘေးသင့်ပြည်သူတွေကြား ဆက်သွယ်နိုင်တဲ့ LoRa နည်းပညာပါ ဖန်တီးထားတာပါ။ Arduino-based modules တွေသုံးပြီး အရေးပေါ်အချက်ပေးချက်တွေ ပို့နိုင်သလို ကယ်ဆယ်ရေးလမ်းညွှန်ချက်တွေလည်း လက်ခံရရှိနိုင်ပါသေးတယ်။ ဒါတင် မကသေး Pluto AI လို့ ခေါ်တဲ့ ဉာဏ်ရည်တုစနစ်တစ်ခုကိုလဲ ဒေသခံတွေဆီက Arduino device တွေထဲ ထည့်သွင်းပေးထားတဲ့အပြင် ဦးစားပေးနယ်မြေတွေအတွက် အလိုအလျောက် ဒရုန်းစေလွှတ်တာမျိုးလဲ ပါဝင်တာပါ။

Resilient Builder ဆု (မြန်မာကျပ်ငွေ ၃ သန်း)

Resilient Builder ဆု (မြန်မာကျပ်ငွေ ၃ သန်း) ကို Mahalink က ဆွတ်ခူးရရှိခဲ့ပြီး အချိန်နဲ့တပြေးညီ အလုပ်လုပ်တဲ့ ရေဘေးသတိပေးချက်တွေနဲ့ ရွာတွေအားလုံး အကူအညီရရှိစေဖို့ ညှိနှိုင်းဆောင်ရွက်ပေးတဲ့ စနစ်တစ်ခု တည်ဆောက်တင်ပြနိုင်ခဲ့ပါတယ်။ မြေပုံနဲ့ ပူးတွဲအလုပ်လုပ်တဲ့ ရေဘေးသတိပေးချက်တွေ၊ မိုးလေဝသ နောက်ဆုံးရအခြေအနေတွေအပြင် အရင်အချက်အလက်တွေကို လေ့လာဆန်းစစ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကိုပါ ကြိုတင်ခန့်မှန်းနိုင်ပါအုံးမယ်။ Mahalink ဟာ ဒေသတွင်းမှာ အချိန်မီဆုံးဖြတ်ချက်ချနိုင်အောင် ကူညီပေးတဲ့အပြင် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်တွေကိုလဲ ပိုကောင်းမွန်အောင် စီမံပေးပါတယ်။ အထောက်အပံ့ရင်းမြစ်ဖြန့်ဖြူးရေးစနစ် ပါဝင်သလို အဖွဲ့အစည်းတွေနဲ့ ရပ်ရွာလူထုကြား တိုက်ရိုက်ဆက်သွယ်နိုင်မဲ့ ဆက်သွယ်ရေးပုံစံတွေလဲ ရှိပါတယ်။ Mahalink ရဲ့ ထူးခြားချက်က မြန်မာနိုင်ငံမှာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တွေ့ကြုံရလေ့ရှိတဲ့ ညှိနှိုင်းဆောင်ရွက်မှု အားနည်းချက်တွေကို ဖြေရှင်းပေးနိုင်တာပဲ ဖြစ်ပါတယ်။ အရင်းအမြစ်တွေ မှားယွင်းခွဲဝေမှုကို ကာကွယ်ပေးနိုင်ပြီး ရေဘေးသင့်ရွာတိုင်း လိုအပ်တဲ့အကူအညီတွေ ရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်မှာပါ။

Community Impact ဆု (ကျပ် ၁ သန်းစီ)

Community Impact ဆု (ကျပ် ၁ သန်းစီ) ကိုတော့ Evocation Crew (Arr.ai System)၊ Farm Flood Aid နဲ့ Myan Flood Platform တို့က ရရှိခဲ့ကြပါတယ်။ Evocation Crew က မိုးသည်းထန်စွာရွာသွန်းနေချိန်မှာတောင် လူတွေကို ရှာဖွေကယ်ဆယ်နိုင်တဲ့ ဒရုန်းစနစ်ကို တီထွင်ထားပြီး CCTV ကွန်ယက်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Farm Flood Aid ကတော့ မြန်မာနိုင်ငံရဲ့ ထမင်းရှင်တောင်သူတွေအတွက် အကြံပေးဆွေးနွေးနိုင်မဲ့ AI ChatBot နဲ့ ပိုလျှံသီးနှံရောင်းဝယ်ရေးစနစ်ကို ဖန်တီးပေးထားတာပါ။ ဒါ့အပြင် ရေကြီးရေလျှံမှုနဲ့ ကြုံရချိန်မှာ အရေးပေါ်တုံ့ပြန်နိုင်ဖို့နဲ့ ကာကွယ်ရေးအစီအမံတွေ၊ လိုအပ်တဲ့ အကူအညီတွေကိုပါ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရယူနိုင်ဖို့ စီမံပေးထားပါတယ်။ အဲဒီနောက် Myan-flood Platform ဟာတော့ ဒေသအလိုက်ရေကြီးနိုင်မှုကို မိုးလေဝသအချက်အလက်တွေနဲ့ ဒေတာဆန်းစစ်မှုတွေက တဆင့် ခန့်မှန်းတွက်ချက်ပေးတဲ့ စနစ်တစ်ရပ် တည်ဆောက်နိုင်ခဲ့တာပါ။ အချိန်နဲ့တပြေးညီ အသိပေးမှုတွေ၊ ရင်းမြစ်ခြေရာခံမှုတွေ၊ ကယ်ဆယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးအတွက် လူသားရင်းမြစ်စီမံခန့်ခွဲမှုစနစ်တွေပါ ထည့်သွင်းပေးထားပါတယ်။

ဒီပြိုင်ပွဲက ရေဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် နည်းပညာဖြေရှင်းချက်တွေကို တစ်လတာ ရှာဖွေခဲ့ကြတာဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း သိန်း ၁၀၀ ကို ဆုရရှိသူတွေဆီ ခွဲဝေချီးမြှင့်ခဲ့တာပါ။ ဆုကြေးငွေတွေအပြင် တီထွင်ဆန်းသစ်မှုရှိတဲ့ ဒီအကြံဉာဏ်တွေကို လက်တွေ့အဖြစ် အကောင်အထည်ဖော်နိုင်ဖို့လဲ Build Myanmar Foundation က ပံ့ပိုးစီစဉ်ပေးမှာတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြိုင်ပွဲကြီးဟာ နောင်လာမယ့် သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ မြန်မာ့လူငယ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ တီထွင်ဖန်တီးနိုင်မှုကို ပြသနိုင်ခဲ့တဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ရပ်လို့ ဆိုရပါမယ်။

Build Myanmar Foundation ရဲ့ ဦးဆောင်မှုနဲ့အတူ ပြည်တွင်း၊ ပြည်ပက ပါဝင်ယှဉ်ပြိုင်သူ ၁၃၉ ဦးက နည်းပညာရဲ့အစွမ်းကို အသုံးချပြီး လူသားချင်းစာနာထောက်ထားမှုအတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့ကြပြီးပါပြီ။ သူတို့ရဲ့ တီထွင်ဆန်းသစ်မှုတွေဟာ ရေဘေးအန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် အရေးပါတဲ့ မျှော်လင့်ချက်တွေ ဖြစ်လာမှာ အမှန်ပါပဲ။ နည်းပညာနဲ့ လူသားချင်းစာနာမှု ပေါင်းစပ်ထားတဲ့ ဒီဟက်ကသွန်ပြိုင်ပွဲကြီးက မြန်မာနိုင်ငံအတွက် ပထမဆုံးသာမက၊ အနာဂတ်မှာ ဒီထက်ပိုကြီးမားတဲ့ အောင်မြင်မှုတွေဆီ ဦးတည်သွားမယ့် ခြေလှမ်းသစ်တစ်ရပ်လဲ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြသူတွေရဲ့ ဆန်းသစ်တီထွင်မှုစိတ်ဓာတ်နဲ့ Build Myanmar Team ရဲ့ ရည်မှန်းချက်ပြည့်ဝစေမယ့် ကြိုးပမ်းအားထုတ်မှုတွေကလဲ ပိုမိုတောက်ပတဲ့ အနာဂတ်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကူညီတည်ဆောက်ပေးနိုင်ခဲ့တယ်လို့ မယုတ်မလွန် ပြောနိုင်ပါလိမ့်မယ် . . .။

ပါဝင်ယှဉ်ပြိုင်ခဲ့သူတွေ၊ Mentor တွေ၊ ဒိုင်တွေနဲ့ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးခဲ့သူ အားလုံးကို ချီးကျူးဂုဏ်ပြုရင်း . . .

ဆက်လက်ဖတ်ရှုဖို့ . . .

စက်တင်ဘာ ရေကြီးခန်းထဲက ကယ်သူမျှော်ဘဝများ
ခင်မာဝေရေ ..... ဆိုတဲ့ အသံဝါကြီးနဲ့ သံရှည်အော်လိုက်သံရဲ့နောက်မှာ အိမ်ကလေးဟာ ရေစီးထဲမှာ မျောပါသွားပါတော့တယ်။ အရှိန်ပြင်းထန်လွန်းတဲ့ ရေစီးထဲမှာ နေအိမ်

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!