
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကတော့ အပျက်အစီးများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီအပျက်အစီးများစွာထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရတဲ့ဘုရား၊ ကျောင်းကန်စေတီတွေလည်း ပါဝင်ခဲ့ပါတယ်။
တချို့က အလုံးစုံပျက်စီးပြီး တချို့ကျတော့လည်း တစိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မင်းကွန်းက မြသိန်းတန်စေတီ၊ ကောင်းမှုတော်စေတီ၊ မန္တလေးက မဟာမြတ်မုနိ၊ ပုဂံက ထီးလိုမင်းလို …အဲဒီလို ထင်ရှားတဲ့ ဘုရားစေတီပေါင်းများစွာဟာ ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက်စီးခဲ့ရပါပြီ။
ဒီလို စေတီဘုရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ သက်ဝင်ယုံကြည်ရာ သာသနိက အဆောက်အဦးတွေဖြစ်သလို မြန်မာတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ငလျင်ဗဟိုချက်နဲ့ ဝေးကွာတဲ့ ရန်ကုန်မှာတော့ သိပ်ပြီး ပြင်းပြင်းထန်ထန်မရှိခဲ့ပါဘူး။ ဒါကြောင့် ရန်ကုန်က အမွေအနှစ်တွေကတော့ ပုံမှန်အတိုင်းရှိနေဆဲပါ။ ရန်ကုန်မှာဆို ရွှေတိဂုံစေတီတော်ကြီးက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ နှလုံးသည်းချာဖြစ်သလို ယဉ်ကျေးမှုဆိုလည်းဟုတ်၊ နိုင်ငံ့ပြယုဂ်ဆိုလည်း ဟုတ်နေပြန်ပါတယ်။
အခု ၂၀၂၅ မှာ မန္တလေးနဲ့ စစ်ကိုင်းက သာသနိက အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး သဘာဝလောကဓံကို ကြုံခဲ့ရသလိုပဲ သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ ရန်ကုန်က ရွှေတိဂုံစေတီတော်ကြီးကလည်း သဘာဝလောကဓံကို အကြိမ်ကြိမ်ကြုံခဲ့ရဖူးပါတယ်။
ဒီတော့ မြန်မာတွေနဲ့ ခွဲမရတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ လောကဓံအကြောင်းကို သမိုင်းစဉ်နဲ့ယှဉ်ပြီးပြောဖို့ ဖြစ်လာပါတယ်။
ရွှေတိဂုံဟူသည်
ရွှေတိဂုံစေတီတော်ဟာ ဉာဏ်တော် ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့၊ သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ တည်ရှိပါတယ်။ တဖုဿ နဲ့ ဘလ္လိက ကုန်သည်ညီနောင် က ဘုရားရှင်ကို ဆွမ်းကပ်ခွင့်ရပြီး ဘုရားရှင်ဆီကနေ ဆံတော် (၈) ဆူ ကို ပင့်ဆောင်နိုင်ခဲ့ကြပါတယ်။ ဥက္ကလာပတိုင်းပြည် ရောက်တဲ့အခါမှာ ဆံတော် (၄) ဆူ ကို စေတီတော် တည်ထားဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဥက္ကလာပမင်းကြီး က ရွှေတိဂုံစေတီတော်အဖြစ် တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဒါကတော့ ဗုဒ္ဓဘာသာဝင်တွေ လက်ခံထားကြတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ သမိုင်းအကျဉ်းပါ။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ
မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ ရွှေတိဂုံဟာ အေဒီ ၄၀၁ - ၅၀၀ အတွင်းတည်ထားခဲ့တဲ့ စေတီတော်ကြီးလို့ဆိုပါတယ်။ ဒါ့ကြောင့် သက်တမ်းကလည်း နှစ်ပေါင်း ၁၅၀၀-၁၆၀၀ လောက်ရှိနေပါပြီလို့ပြောပြီး အဲဒီထက်တော့ မစောနိုင်ဘူးလို့လည်း ဒေါက်တာသန်းထွန်းက သူ့စာအုပ်ထဲမှာ ထည့်ရေးပါတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာတွေကတော့ ရွှေတိဂုံစေတီတော်ဟာ သာသနာတော်နှစ်နဲ့အပြိုင် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီလို့ မှတ်ယူနေကြဆဲဖြစ်ပါတယ်။
ရွှေတိဂုံရဲ့ လောကဓံ
အထက်မှာပြောခဲ့သလိုပဲ ရွှေတိဂုံစေတီတော်ကြီးလည်း လောကဓံအလှည့်အပြောင်းတွေကို အမျိုးမျိုးကြုံခဲ့ရပါတယ်။ အဲဒီအထဲမှာ ငလျင်ဘေးကတော့ အဆိုးဆုံးဖြစ်ပါတယ်။
ရွှေတိဂုံစေတီတော်ကြီးဟာ လွတ်လပ်ရေးမရခင် နှစ်ပေါင်း ၅၇၀ ကျော်အတွင်း ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ၁၂ ကြိမ်တိတိ ခံစားခဲ့ရပါတယ်။ အဲဒါဟာ ဟံသာဝတီဘုရင် ဗညားဦး လက်ထက်ကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်အထိပါ။ အဲဒီလို ငလျင်လှုပ်လို့ ထီးတော် ၅ ကြိမ်တိတိပြိုကျခဲ့ဖူးပြီး ငှက်မြတ်နားတော် ပြိုတာ၊ ယိုင်တာ၊ ကျိုးတာက ၃ ကြိမ်ဖြစ်ဖူးပါတယ်။
ရွှေတိဂုံစေတီတော် ငလျင်ဒဏ်ခံရတဲ့ နှစ်အလိုက်စာရင်း
- ၁၄၃၆ ခုနှစ်မှာ ငလျင်ကြီး လှုပ်ပါတယ်။ ရွှေတိဂုံစေတီတော် ခေါင်းလောင်းကြီးပြိုကျပါတယ်။ ဗညားရံပြင်ပေမဲ့ သူပြင်လို့ မပြီးခင်မှာပဲ ကွယ်လွန်သွားပါတယ်။ ဒီတော့ ဗညားကင်းဒေါက ဆက်ပြင်ပြီး စေတီတော်ရဲ့ ဉာဏ်တော်က ၃၀၂ ပေအထိ ဖြစ်လာပါတယ်။
- ၁၅၆၄ မှာ ငလျင်ထပ်လှုပ်လို့ တစ်ခါ ပြိုပါသေးတယ်။
- ၁၆၂၀ နိုဝင်ဘာလမှာလည်း ငလျင်လှုပ်လို့ ရွှေတိဂုံစေတီတော်ဟာ ထပ်ပြိုပါတယ်။
- ၁၆၄၄ ဒီဇင်ဘာလ ၂၆ ရက်မှာ ငလျင်ကြီးလှုပ်လို့ စေတီတော်ရဲ့ ထီးတော်ပြုတ်ကျပါတယ်။ ဒီအတွက် သာလွန်မင်းက ပြန်ပြီး ထီးပြန်တင်ပါတယ်။
- ၁၆၅၂ ခုနှစ်၊ မေလ ၆ ရက်မှာ ငလျင်ကြီးလှုပ်လို့ ထီးတော်ပြုတ်ကျပြန်ပါတယ်။ ပင်းတလဲမင်းက ထီးပြန်တင်ပါတယ်။
- ၁၆၆၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ငလျင်ကြီးလှုပ်လို့ ထီးပြုတ်ကျပါတယ်။
- ၁၆၆၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ငလျင်ကြီးလှုပ်လို့ ထီးတော်ပြုတ်ကျပြန်ပါသေးတယ်။ စေတီတော်ကြီးလည်း ပြိုပါသေးတယ်။
- ၁၆၇၉ ခုနှစ် နိုဝင်ဘာလမှာလည်း အကြိမ်ကြိမ်လှုပ်နေတဲ့ ငလျင်ကြောင့် ရွှေတိဂုံစေတီတော်ကြီး ပြိုကျပါသေးတယ်။ ဒါကြောင့် ပြည်သူတွေက ဝိုင်းဝန်းပြုပြင်ကြရပါတယ်။
- ၁၇၆၈ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာ ငလျင်ကြီးလှုပ်လို့ စေတီတော် ပြိုကျပြန်ပါတယ်။
- ၁၈၈၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှာ ငလျင်လှုပ်ပြန်လို့ ငှက်မြတ်နားပြုတ်ကျပြန်ပါတယ်။
- ၁၉၁၉ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှာလည်း ငလျင်ကြီးလှုပ်လို့ ငှက်မြတ်နားတိုင် ယိုင်နဲ့သွားပါတယ်။
- ၁၉၃၀ ခုနှစ်၊ မေလ ၅ ရက်မှာ ငလျင်ကြီးလှုပ်ပြီး ငှက်မြတ်နားတိုင် ကျိုးသွားပါသေးတယ်။
ဌာပနာအဖောက်ခံရ
ရွှေတိဂုံစေတီတော်ရဲ့ ဌာပနာဟာ လွတ်လပ်ရေးမရခင် နှစ်ပေါင်း ၅၇၀ အတွင်းမှာ ၃ ကြိမ် တိတိ အဖောက်ခံရဖူးပါတယ်။
ပထမတစ်ကြိမ်က ၁၆၀၀ ပြည့်နှစ်လောက်ကစပါတယ်။ အဲဒီအချိန်က သန်လျင်ဘုရင် ပေါ်တူဂီလူမျိုး ဖီးလစ်ဒီပရစ်တို လို့ခေါ်တဲ့ ငဇင်ကာဟာ သန်လျင်မှာ အခြေပြုပြီး ရှိသမျှ ဘုရားစေတီတွေက ဌာပနာတွေကို လိုက်ဖောက်နေခဲ့တာပါ။ ဒါကြောင့် ရန်ကုန်က ရွှေတိဂုံဘုရားလည်း ဌာပနာအဖောက်ခံရမယ်လို့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ရေးပါတယ်။ ငဇင်ကာကို အနောက်ဘက်လွန်မင်းက ဝင်တိုက်ပြီး ၁၆၁၃ မှာ ကွပ်မျက်လိုက်တော့မှ ဒီပြဿနာက အေးငြိမ်းသွားပါတယ်။
ဒုတိယတစ်ကြိမ်ကတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်းမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှာ ရွှေတိဂုံစေတီတော်ကို အင်္ဂလိပ်တွေက သိမ်းပါတယ်။ ပြီးတော့ ခံတပ်လုပ်ထားပါတယ်။ အဲဒီလိုခံတပ်လုပ် ရွှေတိဂုံစေတီတော် ဌာပနာတိုက်ကိုဖောက်ပြီး အဖိုးတန်ရွှေ ငွေတွေကိုယူခဲ့တာပါ။ ၁၈၂၆ နှစ်ကုန်မှာ မြန်မာတွေက ရွှေတိဂုံစေတီတော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အခါမှာတော့ အဲဒီလို ဌာပနာဖောက်တဲ့ ကိစ္စတွေလည်း ရပ်သွားပါတော့တယ်။
ရွှေတိဂုံစေတီတော်ရဲ့ ဌာပနာတွေဟာ နောက်ဆုံးတစ်ကြိမ်အဖောက်ခံရတာကလည်း ဒုတိယအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲအတွင်းမှာပါ။
၁၈၅၂ ဧပြီလ ၁၄ ရက် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာလည်း အင်္ဂလိပ်တွေ ရွှေတိဂုံကုန်းတော်ကိုသိမ်း၊ ဌာပနာတိုက်ကိုဖောက်ပြီး ရတနာတွေကိုယူပြန်ပါတယ်။ ၁၈၅၂ ဇူလိုင်လ ၂၀ ရက်ကျ အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီက ရွှေတိဂုံဘုရားကုန်းတော်ပေါ်ကိုတက်ကြည့်တဲ့အခါ အဲဒါတွေကို တွေ့သွားပါတယ်။ ၁၈၅၃ ကျ ရွှေတိဂုံစေတီတော်မှာ ဖောက်ထွင်းမှုတွေ ဆက်မလုပ်ကြဖို့ အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီ ကိုယ်တိုင် အမိန့်ထုတ် တားယူခဲ့ရပါတယ်။
ရွှေတိဂုံပေါ်ကျားတက်
အင်္ဂလိပ်လက်ထက် ရွှေတိဂုံဘုရားရဲ့ ဘေးပတ်ဝန်းကျင်ဟာ တောကြီးမျက်မည်းဖြစ်ပါတယ်။ ၁၉၀၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ရွှေတိဂုံဘုရားပေါ်ကို ကျားတစ်ကောင်တက်ပါတယ်။ ကျားကြီးဟာ ဘုရားရင်ပြင်ပေါ်တက်ပြီး လူတွေကို တွေ့တာကြောင့် အင်္ဂါထောင့်မှာ ဝပ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီကျားကို အရုဏ်ဆွမ်းချက်နေသူတွေက တွေ့ခဲ့ရပါတယ်။ ဒါနဲ့ ဂေါ်ရာစစ်တပ်ကို အကူအညီတောင်းပြီး ပစ်သတ်ခိုင်းခဲ့ရပါတယ်။
အဲဒီကျားဟာ ရွှေတိဂုံကုန်းတော် ဘေးပတ်လည် တောအုပ်ထဲကနေတဆင့် ရောက်လာတာလို့ အဲဒီခေတ်က သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ရွှေတိဂုံဘုရားကျားတက်တာကို စာတစ်တန်ပေတစ်တန်ရေးခဲ့ကြသလို “ရွှေတိဂုံဘုရားကျားတက်”ပြဇာတ်ဆိုတာကိုလည်း ကပြခဲ့ကြပါတယ်။
နှစ်ပေါင်း ၁၁၀ လောက်ကြာတဲ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှာတော့ ရွှေတိဂုံဘုရားနဲ့ပတ်သက်ပြီး ထူးခြားတဲ့မြင်ကွင်းတစ်ခုကြောင့် လူမှုကွန်ရက် Facebook သုံးစွဲသူတွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရပါသေးတယ်။ အဲဒါကတော့ ရွှေတိဂုံစေတီတော်ကြီးပေါ်မှာ လဒ ၃ ကောင် နားနေခဲ့လို့ဖြစ်ပါတယ်။ အဲဒီခေတ်တုန်းကလည်း ဒီသတင်းဟာ လူတွေကြားထဲ သို့လောသို့လောနဲ့ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
ရွှေတိဂုံ၊ ဖိနပ်နဲ့ အင်္ဂလိပ်စစ်တပ်
အင်္ဂလိပ်တွေဟာ ၁၈၂၄ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲမှာ တစ်ကြိမ်၊ ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာ တစ်ကြိမ် ရွှေတိဂုံကုန်းတော်ကို သိမ်းပိုက်ထားခဲ့ပါတယ်။
၁၈၅၂ ကနေ ရွှေတိဂုံကုန်းတော်ပေါ်မှာ အင်္ဂလိပ်က တပ်စွဲထားလိုက်တာ ၁၈၈၆ ရောက်တဲ့အထိပဲ ဖြစ်ပါတယ်။ ၁၈၈၆ ဖေဖော်ဝါရီလ ရောက်တဲ့အခါမှာတော့ ရုရှားပါဠိပညာရှင် မိနေယဲ့ က ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမျှော်ပါတယ်။ သူက အင်္ဂလိပ်စစ်တပ်အနေနဲ့ မြန်မာလူမျိုးတွေ အထွက်အမြတ်ထားတဲ့ ရွှေတိဂုံကုန်းတော်ကိုတပ်စွဲပြီး သုံးစွဲနေတာ မကောင်းဘူးလို့ မှတ်ချက်ရေးခဲ့ပါတယ်။
၁၉၁၉ ရောက်တဲ့အခါ မြန်မာအမျိုးသားရေးလှုပ်ရှားမှုတွေ အားကောင်းစပြုလာချိန်မှာတော့ ရွှေတိဂုံကုန်းတော်ပေါ်ကနေ အင်္ဂလိပ်တွေ ဆင်းသွားဖို့ မြန်မာတွေက အရေးဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အဲဒီခေတ်မှာ အင်္ဂလိပ်တွေက ဘုရားဝတ္တကမြေပေါ်မှာ ဖိနစ်စီးပြီး သွားလာနေကြတာဖြစ်ပါတယ်။
၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် သူရိယမဂ္ဂဇင်း၊ ဘကြီးမေတ္တာတုံးရဲ့ အာဒိသမုခ ဒီပနီခန်းမှာ ရွှေတိဂုံဘုရားဂေါပက လူကြီးတွေက အင်္ဂလိပ်တွေ ဖိနပ်ချွတ်ရမှာစိုးလို့ ကျောပိုးပြီး ဘုရားပေါ်လိုက်ပို့တဲ့ အခန်းကို ကာတွန်းဆရာ ဦးဘကလေးက သရော်ပြီး ရေးဆွဲခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၁၉ မှာတော့ မြန်မာပြည်တဝန်းက ဘုရားဝတ္တကမြေပေါ်မှာ ဖိနပ်မစီးရဘူးလို့ အင်္ဂလိပ်က အမိန့်ထုတ်ပြန်ပေးခဲ့ရပါတယ်။
၁၀ နှစ်အကြာ ၁၉၂၉ နိုဝင်ဘာလ ၂၇ ရက်မှာတော့ ရွှေတိဂုံဘုရားပေါ်မှာ တပ်စွဲထားတဲ့ အင်္ဂလိပ်တပ်တွေကို အကုန်အစင် ရုတ်သိမ်းသွားခဲ့ကြပါတယ်။
အင်္ဂလိပ်တွေ တပ်စွဲထားတုန်းက အနောက်ဘက်စောင်းတန်းကို မြန်မာတွေ တက်ရောက်ခွင့်မရခဲ့ပါဘူး။
၁၉၃၀ ပြည့်နှစ်၊ မတ်လ ၂ ရက်ရောက်တဲ့အခါမှာ အရင်တုန်းက ရွှေတိဂုံဘုရားအနောက်ဘက်မှာ တပ်စွဲခဲ့တဲ့ အင်္ဂလိပ်တွေ မရှိတော့တဲ့ ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်းဖွင့်ပွဲလုပ်ပါတယ်။
ရွှေတိဂုံရဲ့ လောကဓံ
ရွှေတိဂုံစေတီတော်ကြီးရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်တဲ့အခါမှာ လွတ်လပ်ရေးမရခင်အချိန်အထိ နှစ်ပေါင်း ၅၄၀ အတွင်း ငလျင်ဒဏ်ကို အနည်းဆုံး ၁၂ ကြိမ်ခံစားခဲ့ရတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလိုပဲ အင်္ဂလိပ်-မြန်မာ စစ်ပွဲဒဏ်တွေကိုလည်း ခံရပါတယ်။ ဒုတိယကမ္ဘာစစ်ဒဏ်ကိုလည်းခံရပါသေးတယ်။
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကာလအတွင်းမှာလည်း ရွှေတိဂုံအလယ်ပစ္စယံမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် မိန့်ခွန်းပြောခဲ့တာမျိုးရှိခဲ့သလို ပထမကျောင်းသားသပိတ်ကစလို့ ဒီဘက်ခေတ် ဒီမိုကရေစီ လှုပ်ရှားမှုတွေကလည်းရွှေတိဂုံစေတီတော်ကြီး ဖြတ်သန်းခဲ့ရတဲ့ သမိုင်းစာမျက်နှာတွေနဲ့ ခွဲမရတဲ့ သမိုင်းအဖြစ်ရှိနေပါတော့တယ်။
ဟန်သစ်အိမ် (Y3A)
Read More:




Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media