ကိုလိုနီခေတ် မြန်မာပြည်က တရုတ်သူဌေးတွေထဲမှာတော့ လင်ချင်းချောင်း၊ ချန်မာဖီ၊ အော်ဘွန်ဟောတို့က နာမည်ကြီးတွေပါ။ သူတို့နာမည်ကြီးတာက သူတို့တည်ထောင်တဲ့ လုပ်ငန်းကြီးတွေ၊ သူတို့ရဲ့ လူသိရှင်ကြားအလှူအတန်းတွေကြောင့်ဖြစ်ပါတယ်။ 

ဒါပေမဲ့ သူတို့နဲ့မတူတမူကွဲပြီး ကိုလိုနီခေတ် နိုင်ငံရေးအထက်တန်းလွှာနဲ့ တရုတ်၊ အိန္ဒိယ၊ ကရင်၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာပါ ထင်ရှားတဲ့ သူဌေးတစ်ဦးရှိပါတယ်။ သူဌေးဆိုပေမဲ့လည်း သူက တအားကြီးချမ်းသာတယ်လို့ မဆိုနိုင်ပါဘူး။ သူနာမည်က တရုတ်လို အော်ခေးချောင်း၊ မြန်မာလို ဦးစပ်စုပါ။ 

ဦးစပ်စု။ ဒီနာမည်ကို ဒီဘက်ခေတ်မှာတော့ သိတဲ့လူက အတော်နည်းနေပါပြီ။ ဦးစပ်စုဆိုတာက‌ ကိုလိုနီခေတ်မှာ ထင်ရှားခဲ့တဲ တရုတ် အမျိုးသားသူဌေးကြီးဖြစ်ပါတယ်။ မြန်မာရေလည်တယ်။ မြန်မာ့ယဉ်ကျေးမှုကို လေးစားတယ်။စီးပွားရေးမှာ လာဘ်မြင်တယ်။ အထူးသဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် ကျရာနေရာကနေ တာဝန်ယူခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်းတို့တောင်းသမျှ အကူအညီကိုလည်း ဖြည့်စွမ်းခဲ့သူဖြစ်ပါတယ်။ 

ရှမ်းစော်ဘွားဝတ်စုံနှင့်အတူ တွေ့ရသည့် ဦးစပ်စု။

ဇာတိချက်ကြွေ

ဦးစပ်စုရဲ့ ဇာတိက ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်ရောက်သွားခဲ့တဲ့ တရုတ်ပြည် အမွိုင်မြို့ကနေ သင်္ဘောနဲ့ တစ်နာရီလောက်ထပ်သွားရတဲ့ ကွိုင့်ခေါက်ရွာလေးပါ။  ရွာရဲ့ အနောက်မြောက်ဘက်မှာကျ တောင်တန်းကြီးတွေနဲ့ ဆင်းရဲတဲ့ရွာလေး။ အိမ်ခြေ ၁၀၀၀ လောက်ရှိတယ်။အဲဒီရွာကအမျိုးသားတွေမှာ ဇာတ်လမ်းတစ်ခုရှိတယ်။ သူတို့ရွာမှာ အရပ်ပြော ပြောလေ့ရှိတဲ့ဇာတ်လမ်ပေါ့။ ကွိုင့်ခေါက်ရွာကယောက်ကျားတွေဟာ မြန်မာပြည်ကိုသွားပြီး အလုပ်လုပ်ကြတယ်။သူဌေးလည်းဖြစ်ကြတယ်။ ပြီးရင် ပြန်မလာကြတော့ဘူးတဲ့။ သူတို့ရွာမှာတော့ "မြန်မာဘုရားက တန်ခိုးပိုကြီးတယ်။ မြန်မာအမျိုးသမီးကလည်း ပိုပြီးတော့ စွမ်းတယ်"ဆိုပြီးပြောစမှတ်ရှိကြတယ်။ 

ဦးစပ်စုရဲ့ မိဘတွေကလည်း ဆင်းဆင်းရဲရဲတွေပါပဲ။ ဦးစပ်စုကလည်း ငယ်တုန်းက ကွန်ဖြူးရှပ်စာပေကို သင်တယ်။နောက်တော့ဒေါက်တာဆွန်ယက်ဆင်က မန်ချူးတွေကိုတော်လှန်တယ်။ ပြီးတော့ တရုတ်ပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်း စစ်တွေဖြစ်တော့တာပဲ။ အဲဒီအချိန် ကွိုင့်ခေါက်ရွာကလေးမှာလည်း ဟိုပြေးဒီပြေးနဲ့ ဖြစ်ကုန်ကြတယ်။ အဲဒီအချိန်မှာ ဦးစပ်စုက အသက် ၁၄ နှစ်ပဲရှိသေးတယ်။ သူလည်း သူ့ရှေ့က လူကြီးတွေလိုပဲ မြန်မာနိုင်ငံမှာ အလုပ်လုပ်ချင်နေပြီ။ လူကြီးတွေက ဘယ်ခွင့်ပြုမလဲ။ ဦးစပ်စုက မရမကသွားမယ်ဆိုမှပဲ လူကြီးတွေက ခွင့်ပြုတော့တယ်။ ဦးစပ်စုက သူ့အဘွားနဲ့ အသက် ၁၂ နှစ်အထိ အတူအိပ်လာတာ။ အခု ၁၄ နှစ်ကျ မြန်မာနိုင်ငံမှာ သွားပြီး အလုပ်လုပ်မယ်ဆိုတော့ သူ့အဘွားက ငိုတာပေါ့။ ပြီးတော့ သွားခါနီး စကားကြီးသုံးခွန်း မှာလိုက်တယ်။အဲဒါက (၁) ရွှေတိဂုံနဲ့ ကျိုက်ထီးရိုးက တန်ခိုးကြီးတယ်။ ဖူးဖြစ်အောင် ဖူးပါ။ (၂) မြန်မာတွေနဲ့တည့်အောင်ပေါင်းပါ။ (၃) အလွန်ဆုံး ၄ နှစ်နေပြီး ငွေကြေးရရ၊ မရရ ပြန်လာပါ၊ မြန်မာမကို မယူပါနဲ့တဲ့။ 

၁၄ နှစ်သားရဲ့ မြန်မာပြည်ခရီး

ဒီလိုနဲ့ ဦးစပ်စုလည်း တရုတ်ပြည်ကနေ ပီနန်၊ ပီနန်ကနေ မြန်မာပြည်ကို ၁၉၁၅ မှာ ရောက်လာခဲ့တယ်။ အဲဒါက ပထမကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ပါ။ ဒီလိုထွက်လာတဲ့အခါမှာလည်း ဦးစပ်စုရဲ့ဆရာက ဦးစပ်စုကို ခေတ်ဟောင်း တရုတ်ပြည် နှစ် ၅၀၀၀ ရာဇဝင်စာအုပ်တွေကို ထည့်ပေးလိုက်ပါတယ်။ သူလည်း ဂုန်နီအိတ်ထဲ အဲဒီစာအုပ်တွေထည့်ပြီး ယူလာခဲ့ပါတယ်။ ဒီစာအုပ်ကို ဦးစပ်စုဟာ အသက် ၅၀ ကျော်အထိ ထပ်တဲလဲဖတ်ပြီး လူမှုဆက်ဆံရေးမှာ ကျင့်သုံးခဲ့ပါတယ်။ 

ဦးစပ်စု မြန်မာပြည်ရောက်တဲ့အခါ ကျုံမငေးနဲ့ လပွတ္တာကြားက ပီတွတ်ရွာမှာ နေပါတယ်။ အဲဒီရွာမှာ သူ့အမျိုး တရုတ်ဆိုင်ရှိပြီး အဲဒီဆိုင်မှာ အလုပ် ဝင်လုပ်ပါတယ်။ အဲဒီလိုလုပ်ရင်း သူ့ထက် အသက် ၄ နှစ်ကြီးတဲ့ မစိန်ခင်(ခေါ်) မမခင်ဆိုတဲ့အမျိုးသမီးနဲ့ ချစ်ကြိုက်ပြီး လက်ထပ်လိုက်ပါတယ်။ ၄ နှစ်ကြာတော့ သူ့ဇနီးသည်လည်း ဆုံးသွားပါတယ်။ 

ဒီလိုနဲ့စိတ်ညစ်ပြီး ပဲခူး၊ ညောင်လေးပင်မှာ ၅ နှစ်လောက် စပါးပွဲစားလုပ်ပြန်ပါတယ်။ အဲဒီကနေ ရန်ကုန်ပြန်ရောက်ပြီး တရုတ်အမျိုးသားအသင်းမှာ အသင်းဝင်အဖြစ် ဝင်လုပ်နေခဲ့ပါတယ်။ ဦးစပ်စုက ငယ်တယ်။ သွက်တယ်။ လာဘ်မြင်တော့ တရုတ်လူကြီးတွေက သဘောကျပါတယ်။ ကော်မတီလူကြီး ဦးကေဘာကြီးကလည်း အပေါင်းအသင်းဆန့်အောင် မြန်မာလူကြီးလူကောင်းတွေနဲ့ မိတ်ဆက်ပေးပါတယ်။ တစ်ရက်တော့ တရုတ်အမျိုးသားအသင်းဝင် တန်ယုကျင်ရဲ့ မင်္ဂလာပွဲကို ကူညီစီစဉ်ပေးပါတယ်။ အဲဒီပွဲမှာ မြန်မာလူကြီးလူကောင်း ဆာဘွဲ့ရ ဦးဘဦးလည်း တက်ရောက်ပါတယ်။ အဲဒီပွဲမှာ ဦးကေဘာကြီးက သူ့ကို ဦးစပ်စုဆိုတဲ့ မြန်မာနာမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူနာမည်ရင်း အော်ခေးချောင်းဆိုတာ ပျောက်သွားပြီး ဦးစပ်စုရယ်လို့ ဖြစ်လာပါတော့တယ်။ တကယ်တော့ အဲဒီအချိန်က အင်္ဂလိပ်လက်ထက်ဖြစ်တော့ မြန်မာတွေတောင် အင်္ဂလိပ်နာမည်ပြောင်းမှည့်ချိန်မှာ သူကတော့ တရုတ်နာမည်ကနေ မြန်မာနာမည်ပြောင်းမှည့်ခဲ့တာဖြစ်ပါတယ်။ 

ဦးစပ်စုဟာ ၁၉၃၄ ရောက်တဲ့အခါ ပိုးထည်လုပ်ငန်းလုပ်ကိုင်ပါတယ်။ မန္တလေးကိုတက်ပြီး ပိုးထည်အရောင်း အဝယ်လုပ်ပါတယ်။ ၁၉၃၈ ကျ စပါးပွဲစားလုပ်ပြန်ပါတယ်။ 

၁၉၄၁ ဂျပန်အဝင်မှာတော့ ဂျပန်တွေ မျက်မုန်းကျိုးမခံရအောင် တရုတ်အမျိုးသားဗြန်ဟပ်ဘွေအသင်းကြီးကို တခြားတရုတ်အမျိုးသားတွေနဲ့ အတူ ထူထောင်ပါတယ်။ သူကတော့ ပြောဆိုဆက်သွယ်ရေးလူကြီးအဖြစ် အသင်းမှာ လုပ်ပါတယ်။ ဒီနေ့ခေတ်အခေါ်ဆိုရင်တော့ Communicaion Office လိုမျိုးပေါ့။ 

ဦးစပ်စုနဲ့ လမ်းမတော်ဖိုးတုတ်

ပိုက်ဆံရှိလာတော့ ဦးစပ်စုက လန်ထောင်ကုမ္ပဏီကို တည်ထောင်ပါတယ်။ ပြီးတော့ ဒါလဟိုဇီလမ်း(အခု မဟာဗန္ဓုလလမ်း)နဲ့ လမ်းမတော်လမ်းထောင်မှာ ဟိုတယ်ဖွင့်ဖို့ ကြံပါတယ်။ အဲဒီအချိန်က လူမိုက် လမ်းမတော်ဖိုးတုတ်ဆိုတာ နာမည်ကြီးလူမိုက်ပါ။ ဦးစပ်စုက သူဟိုတယ်ဖွင့်ချင်တဲ့အကြောင်း လမ်းမတော်ဖိုးတုတ်ဆီသွားရောက်အကြောင်းကြားပါတယ်။ ဖိုးတုတ်ကလည်း ဖွင့်ခွင့်ပေးပြီး စောင့်ရှောက်မယ်လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အဲဒီနေရာမှာ လန်ထောင် ဟိုတယ်ဖွင့်ပါတယ်။ လမ်းမတော်ဖိုးတုတ်တို့လည်း အဲဒီဟိုတယ်မှာပဲ မကြာခဏလာရောက်စားသောက်ကြပါတယ်။ 

အလုပ်စုံတဲ့ ဦးစပ်စုဟာ မိတ်ဆွေအပေါင်းအသင်းလည်းစုံပါတယ်။ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ အင်္ဂလိပ် အကုန်ပေါင်းပါတယ်။ ဒါကြောင့် သူ့စီးပွားရေးကလည်း  ပိုပြီးအဆင်ပြေလာပါတယ်။ 

ဝန်ကြီးချုပ်ဦးနုနှင့်အတူ တွေ့ရသည့် ဦးစပ်စု။ (မတ်တပ်ရပ်နေသူ)

ဦးစပ်စုရဲ့ ပေါင်းသင်းဆက်ဆံရေး

ဦးစပ်စုရဲ့ အားသာချက်က လူ့အကြိုက်ကိုသိတာ၊ ပေါင်းသင်းဆက်ဆံရေးကောင်းတာ၊ သည်းခံတတ်တာနဲ့ မြန်မာ့ဓလေ့စရိုက်၊ မြန်မာ့အကြိုက်ကို သိတာလို့ ပြောရပါမယ်။ ဒါကြောင့် ဦးစပ်စုဟာ သူ့ခေတ်သူ့အခါကဆို ပုလိပ်ကအစ ဗိုလ်ချုပ်အောင်ဆန်းအဆုံး သူ့ကို လူတိုင်းကသိပါတယ်။ တရုတ်သူဌေးတွေ၊ ကရင်အကြီးအကဲတွေ၊ ရှမ်းစော်ဘွားတွေ၊ လွတ်လပ်ရေးကြိုးပမ်းနေတဲ့လူတွေ၊ နောင်အခါ သမ္မတဖြစ်လာတဲ့ စဝ်ရွှေသိုက်၊ မန်းဝင်းမောင်၊ ဒေါက်တာဘဦး၊ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးနုတို့လည်း ဦးစပ်စုနဲ့ အကျွမ်းတဝင်ရှိကြပါတယ်။ 

ဦးစပ်စုဟာ ညစားပွဲတွေ၊ တွေ့ဆုံပွဲတွေ၊ ဧည့်ခံပွဲတွေ မကြာခဏ လုပ်ပါတယ်။ အဲဒီလိုလုပ်တာဟာ တရုတ်ပြည်က သူ့ဆရာ ထည့်ပေးလိုက်တဲ့ တရုတ်ပြည် နှစ် ၅၀၀၀ ရာဇဝင်စာအုပ်ထဲက ပေါင်းသင်းဆက်ဆံရေးနည်း၊ လူကဲခတ်နည်းတွေအတိုင်း လုပ်တာပါ။ အဲဒီလို ဧည့်ခံပွဲတွေလုပ်ရင် ဦးစပ်စုက အရက်မသောက်တတ်သူရှေ့မှာ အရက်အကြောင်းမပြောဖို့၊ အရက်တွေ မှားပြီး မချမိဖို့ အထူးဂရုစိုက်ပါတယ်။ အစားအသောက်ဆိုလည်း တစ်ယောက်ချင်းစီရဲ့ အကြိုက်တွေကို ဦးစပ်စုက သေချာမှတ်ထားပြီး အဲဒီအတိုင်း သေချာပြင်ဆင် တည်ခင်းဧည့်ခံတာဖြစ်ပါတယ်။ အကြိုအပို့ကိုလည်း သူ့ကားနဲ့ အကြိုလွှတ်တတ်သူပါ။ ဧည့်ခံပွဲပြီးတဲ့အခါ မြန်မာလူကြီးလူကောင်းတွေဖြစ်တဲ့ သူဌေးကြီးဆာဦးသွင်၊ ဦးစောလှဖြူ၊ ဦးလွန်းဘော်တို့လို အရက်မသောက်တတ်သူတွေကို အိမ်အထိ သူကိုယ်တိုင် လိုက်ပို့ပေးတတ်ပါတယ်။ အဲဒီလိုလိုက်ပို့ချိန်မှာတော့ အရက်သောက်တတ်သူတွေကို မပြန်ဖို့နဲ့ သူအမြန်ပြန်လာမယ်ဆိုပြီး ပြောထားခဲ့ပါတယ်။ 

ပြန်ရောက်ရင်တော့ အရက်သောက်ကြပါတယ်။ အရက်သောက်လို့ ၁၂ နာရီကျော်ရင်တော့ ပိုက်ကျူးခေါ် ဖဲချကြပါတယ်။ ဒါနဲ့မှ အားမရသေးရင်လည်း အနှိပ်ခံကြပြန်ပါတယ်။ ဦးစပ်စုဟာ အဲဒီလို လူပေါင်းဆန့်တဲ့လူဖြစ်ပါတယ်။

ဗမာ့တပ်မတော်အတွက် ရန်ပုံငွေ ရှာဖွေခြင်း 

ဦးစပ်စု ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ တရုတ်အမျိုးသားဗြန်ဟပ်ဘွေအသင်းကြီးဟာ မြန်မာ့လွတ်လပ်ရေးရယူဖို့ ကြိုးစားနေတဲ့ မြန်မာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေကို များစွာ အကူအညီပေးခဲ့တဲ့ အသင်းကြီးပါ။ ဒီအသင်းကြီးကနေ ဘီအိုင်အေအတွက် ကျပ်သိန်း ၂၀ နဲ့ တစ်သိန်းတန် ကားတစ်စီးလည်း လှူခဲ့ဖူးပါတယ်။ 

၁၉၄၄ စက်တင်ဘာလမှာ တပ်မတော်ရန်ပုံငွေအတွက် ဗြန်ဟပ်ဘွေအသင်းကြီးကို စစ်ရုံးမှာလုပ်တဲ့ အစည်းအဝေးတက်ဖို့ ဖိတ်ပါတယ်။ ဗြန်ဟပ်ဘွေအသင်းကြီးရဲ့ ဗမာ့တပ်မတော်ရန်ပုံငွေထောက်ပံ့ရေး ကော်မတီမှာ ဦးစပ်စုက လူကြီးပါ။ ဒီတော့ ဦးစပ်စုက တပ်မတော်ရန်ပုံငွေပွဲအတွက် စစ်ရုံးက အစည်းအဝေးကို တက်ရောက်ပါတယ်။ 

ရောက်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းကလည်း လွတ်လပ်ရေးအတွက် တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို မိန့်ခွန်းပြောပါတယ်။ ပြီးတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းကပဲ ဦးစပ်စုကို မိန့်ခွန်းပြောဖို့ ဖိတ်ပါတယ်။ ဦးစပ်စုလည်း ယောင်နနနဲ့ မိန့်ခွန်းပြောပါတယ်။ သူပြောတာက တရုတ်ရာဇဝင်ထဲက တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် သွားတဲ့ မိဘုရားကြီးအကြောင်းပါ။ အဲဒီအကြောင်းကိုပြောပြီး ရန်ပုံငွေထည့်ဖို့ စည်းရုံးတာဖြစ်ပါတယ်။ 

နောက်တစ်ခါလည်း ဗြန်ဟပ်ဘွေအသင်းကြီးဆီကို ရန်ပုံငွေကိစ္စအတွက် စစ်ရုံးက ဖိတ်စာရောက်လာပြန် ပါတယ်။ အဲဒီအချိန် အသင်းမှာက လက်ကျန်ငွေ ၇ သိန်းပဲ ကျန်ပါတယ်။ ဗြန်ဟပ်ဘွေအသင်းလူကြီးတွေ အစည်းအဝေးလုပ်ပြီးတဲ့ အခါ အသင်းဥက္ကဋ္ဌ ပီကေချောင်းက ဗမာ့တပ်မတော်ရန်ပုံငွေအတွက် ၅ သိန်းလှူဖို့ ဆုံးဖြတ်ပါတယ်။ 

ဦးစပ်စုလည်း အဲဒီငါးသိန်းကိုယူပြီး စစ်ရုံးဆီလာခဲ့ပါတယ်။ စစ်ရုံးမှာ‌တော့ တခြားအသင်းအဖွဲ့တွေက ဦးစပ်စုတို့ရဲ့ ဗြန်ဟပ်ဘွေအသင်းထက် ပိုများပြီး လှူကြပါတယ်။ အများဆုံး လှူထားတာက ၈ သိန်းပါ။ ဗြန်ဟပ်ဘွေအသင်းဆိုတာက တရုတ်လူကြီးလူကောင်း သူဌေးတွေနဲ့ စုဖွဲ့ထားတာလို့ ပြောလို့ရပါတယ်။ ခါတိုင်း ဗမာ့တပ်မတော်ရန်ပုံငွေအတွက် ဒီအသင်းကပဲ အများဆုံး ထည့်ဝင်ခဲ့ပြီး အခုတစ်ခေါက် တခြားအဖွဲ့တွေနဲ့နှိုင်းယှဉ်ကြည့်ရင် နည်းနေတော့ ဦးစပ်စုလည်း မခံချင်စိတ်ဖြစ်ပြီး ၁၀ သိန်းလှူမယ်ဆိုပြီးစာရင်းပေးလိုက်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း ပိုက်ဆံမရှိပါဘူး။ 

ဒီလိုနဲ့ လမ်းမတော်က သူ့ရဲ့ လန်ထောင်ဟိုတယ်ကိုပြန်ပြီး ရန်ပုံငွေ ၅ သိန်းရဖို့ အကြံထုတ်ပါတယ်။ နောက်တော့ ဟိုတယ်မှာပဲ အနီထောင်၊ လေးကောင်ဂျင်၊ ပိုက်ကျူး လောင်းကစား ၃ ဝိုင်းဖွင့်ပြီး ငွေရှာပါတယ်။ နောက်ဆုံးတော့ တစ်ပတ်အတွင်းမှာပဲ ငွေ ၆ သိန်းလောက်ရှာနိုင်ခဲ့ပြီး ဗမာ့တပ်မတော်အတွက် ငွေငါးသိန်း စိုက်ထုတ်ပေးနိုင်ခဲ့ပါတယ်။ 

ကန္ဒီသွား လမ်းစရိတ်အတွက် အကြံပေးခြင်း

၁၉၄၅ စက်တင်ဘာလမှာ ဗိုလ်ချုပ်တို့ဟာ ကန္ဒီစာချုပ်ချုပ်ဆိုနိုင်ဖို့အရေး ကန္ဒီမြို့ကို သွားဖို့ဖြစ်လာပါတယ်။ တစ်နေ့မှာတော့ဦးစပ်စုဟာ ဗိုလ်ချုပ်နေထိုင်တဲ့ တာဝါလိန်းလမ်းက နေအိမ်ကိုရောက်သွားပြီး ဗိုလ်ချုပ်တို့ လမ်းစရိတ်လိုနေတာကို သိသွားခဲ့ပါတယ်။ 

ဒီတော့ ဦးစပ်စုက မြန်မာသူဌေးကြီးဆာဦးသွင်ဆီက အကူအညီတောင်းဖို့ပြောပါတယ်။ အဲဒီလိုပြောတဲ့အ ခါမှာလည်း ဆာဦးသွင်နဲ့ မြန်မာ့အလင်းဦးတင်ဟာ ရင်းနှီးတာကြောင့် မြန်မာ့အလင်းဦးတင်ဆီကနေတဆင့် ပြောဖို့ အကြံပေးပါတယ်။ 

ဒီလိုနဲ့ မြန်မာ့အလင်းဦးတင်က ပြောပေးတာကြောင့် သူဌေးကြီးဆာဦးသွင်ကလည်း ခရီးစရိတ် တစ်သာင်းကို မဆိုင်းမတွပေးပါတယ်။ တရုတ်အမျိုးသားတွေကလည်း ကန္ဒီသွားဖို့လမ်းစရိတ် ငါးထောင်ကို ထောက်ပံ့ကြပါတယ်။ ဒီလိုနဲ့ အဆင်ပြေသွားပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်း နှင့် ဦးစပ်စု။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အပြိုင်

၁၉၄၇ မှာ အမတ်ရွေးပွဲတွေ ကျင်းပကြတော့မှာပါ။ အဲဒီရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိတာဝန်ကနေ အနားယူပြီး အရပ်ဖက်ကို ပြောင်းပါတယ်။ ပြီးတော့ လမ်းမတော်မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့လုပ်ပါတယ်။ 

လမ်းမတော်ဆိုတာ တရုတ်တန်း။ ကမ္ဘာပေါ်မှာ တရုတ်တန်းတွေ အများကြီးရှိတဲ့အထဲ လမ်းမတော် တရုတ်တန်းလည်း အပါအဝင်ပါ။ တရုတ်အမျိုးသားတွေ အများဆုံးနေထိုင်ကြတယ်။ ဈေးရောင်းဈေးဝယ်တွေ၊ ဟိုတယ်တွေ၊ ဘိန်းခန်းတွေနဲ့ အဲဒီခေတ်က အင်မတန်စည်ကားပါတယ်။ ညမိုးချုပ်ပြီဆိုရင်တော့ လမ်းပေါ်မှာ ကျက်စားကြတဲ့ လူဆိုးလူမိုက်တွေ၊ ပြည့်တန်ဆာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာပါ။ ဂျပန်ခေတ်မှာတော့ အတော်လေးဆိုးပါတယ်။ 

အဲဒီ လမ်းမတော်မှာ အော်မျိုးရှူးဆိုတဲ့ တရုတ်တစ်ယောက်လည်း ရှိပါတယ်။ သူကလည်း လမ်းမတော်မှာ အပေါင်းအသင်း မိတ်ဆွေပေါပါတယ်။ သူ့ကိုလည်း မသိတဲ့လူမရှိပါဘူး။ သူကလည်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့ လုပ်ပါတယ်။ 

ဒီအကြောင်း ဦးစပ်စုသိတဲ့အခါ တရုတ်လူကြီးတွေနဲ့တိုင်ပင်ပါတယ်။ အော်မျိုးရှူးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ယှဉ်ပြီးဝင်ပြိုင်မှာကို တရုတ်လူကြီးတွေကလည်း မလိုလားပါဘူး။ အဲဒီလို ယှဉ်ပြိုင်ခြင်းအားဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားစေတယ်လို့ ယူဆကြပါတယ်။  အထူးသဖြင့် တမျိုးသားလုံး ချစ်ခင်လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ယှဉ်ပြိုင်ခြင်းအားဖြင့် တရုတ်အမျိုးသားတွေအတွက် အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့် ဦးစပ်စုလည်း  ဧည့်ခံပွဲကြီးတစ်ခုလုပ်၊ တရုတ်လူကြီးလူကောင်းတွေနဲ့ အော်မျိုးရှူးကိုပါ ဖိတ်လိုက်ပါတယ်။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ မယှဉ်ပြိုင်ဖို့ ဝိုင်းပြီး တိုက်တွန်းနားချပါတယ်။ ဒါပေမဲ့လည်း အော်မျိုးရှူးက နားမဝင်ပါဘူး။ 

ဒီတော့ ဦးစပ်စုလည်း အော်မျိုးရှူးကို ပြောဆိုနိုင်တဲ့လူကို ရှာဖွေရပါတယ်။ တွေ့လည်း တွေ့ပါတယ်။ ဒီလိုနဲ့ အဲဒီလူက တဆင့်အော်မျိုးရှူးကို နားချရပြန်ပါတယ်။ ဒီတော့မှ အော်မျိုးရှူးလည်း လက်ခံပါတယ်။ တကယ်တော့ အဲဒီလူက အနုနည်းနဲ့မရလို့ အော်မျိုးရှူးကို ခေါင်းရိုက်ခွဲပြီး ခြိမ်းခြောက်လိုက်တာပါ။ 

ဒီလိုနဲ့ပဲ ဦးစပ်စုရဲ့ ပယောဂကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ လမ်းမတော်ကနေ ပြိုင်ဘက်မရှိဘဲ အနိုင်ရခဲ့ပါတယ်။ 

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေလို့ အဲဒီခေတ်၊ အဲဒီအချိန်မှာ ဘယ်သူနဲ့ ဘယ်လိုပြိုင်ပြိုင်နိုင်မှာဖြစ်ပေမဲ့ ဗိုလ်ချုပ်နဲ့ပြိုင်တဲ့လူကို တရုတ်တစ်ယောက်ဖြစ်မနေစေချင်လို့ တရုတ်လူကြီးတွေက အခုလိုပေါင်းပြီး ကြံစည်လိုက်ကြတာဖြစ်ပါတယ်။ 

ဗမာ့တပ်မတော်အတွက် ဖိနပ်

၁၉၄၅ မှာ ဂျပန်တွေ အခြေအနေမကောင်းတော့ဘူးဆိုတာ လူတိုင်းကသိကုန်ကြပါပြီ။ ဒါကြောင့် ဗမာ့တပ်မတော်ကလည်း ဂျပန်ကိုတော်လှန်ဖို့ ပြင်ဆင်နေပါပြီ။ ဂျပန်ကိုတော်လှန်ချိန်မှာ ဗမာ့လွတ်လပ်ရေး တပ်မတော်အတွက် ဖိနပ်တွေက အရေးတကြီးလိုအပ်လာပါတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဦးစပ်စုကို ခေါ်ပြီး ဖိနပ်တွေ ရှာပေးဖို့ တာဝန်ပေးပါတယ်။ ဒီကိစ္စကို သူ့လက်အောက်က ဗိုလ်ဗတင်နဲ့ အတူလုပ်ဖို့ ပြောပါတယ်။ ဒီနေရာမှ သတိပြုရမှာ ဂျပန်ခေတ်ဆိုတာ အစစအရာရာ ရှားပါးတဲ့ခေတ်ပါ။ ဥပမာပြောရရင် ဂျပန်ခေတ်မှာ နို့ဆီနဲ့သကြားမရှိလို့ လက်ဖက်ရည်ကို ထန်းလျက်နဲ့ဖျော်ရတာ၊ အဝတ်မရှိလို့ ရှားပါးတာမျိုး ကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ဂျပန်ခေတ်မှာ ဗမာ့တပ်မတော်အတွက် ဖိနပ်ဆိုတာက ဒီနေ့ခေတ်လို ပိုက်ဆံရှိရင် သိမ်ကြီးဈေးမှာ သွားဝယ်တာမျိုး၊ ပြည်ပကနေ မှာလိုက်တာမျိုး လုပ်လို့မရပါဘူး။ ဒါကြောင့် ဦးစပ်စုလည်း ဖိနပ်ချုပ်တတ်တဲ့ တရုတ်တွေကို ရှာဖွေပြီး ဖိနပ်တွေ အလျှင်အမြန် ချုပ်ခိုင်းရပါတယ်။ ဒီလိုနဲ့ ချုပ်လိုက်ကြတာ သားရေတွေကုန်သွားပေမဲ့ လိုအပ်တဲ့ ဖိနပ်အရေအတွက် မရသေးပါဘူး။ ဦးစပ်စုလည်း ဂျပန်ဂိုထောင် တွေထဲက သားရေတွေကို ပိုက်ဆံအမြောက်အမြားပေးပြီး ရအောင်ကြံရပြန်ပါတယ်။ အဲဒီလိုနဲ့ သားရေတွေရလာတဲ့အခါ ဖိနပ်ချုပ်ပေးပြန်ပါတယ်။ အဆုံးသတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းတာဝန်ပေးတဲ့ အတိုင်း ဒီဖိနပ်တွေကို ရရှိသွားပါတော့တယ်။ 

မြန်မာ စပ်စု

ဦးစပ်စုဟာ ကောင်းတာတွေလည်း လုပ်ခဲ့သလို လူသားပီပီ မဟုတ်တာတွေလည်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူလုပ်ခဲ့တဲ့ မဟုတ်တာဆိုတာက သူပုဂ္ဂလ ပျော်ရွှင်မှုနဲ့ သူ့ စီးပွားအတွက် လုပ်ခဲ့တာမျိုးတွေပါ။ နိုင်ငံအတွက်တော့ ဦးစပ်စုဟာ မြန်မာနိုင်ငံသားတစ်ယောက်ပီပီနေထိုင်ခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးအတွက် ကျရာနေရာကနေ သူတတ်နိုင်သလောက် ထမ်းရွက်ခဲ့ပါတယ်။ 

ဒါပေမဲ့လည်း လွတ်လပ်ပြီးခေတ်ကျ အခြေအနေတွေက ပြောင်းလဲသွားပါတယ်။ ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ကျ မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်၊ အိန္ဒိယ လူမျိုးတွေရဲ့ ပိုင်ဆိုင်သမျှကို ပြည်သူပိုင်အဖြစ် သိမ်းပါတယ်။ ဒီလိုနဲ့ ၁၉၆၄ မှာတော့ ဦးစပ်စုရဲ့ လန်ထောင်ဟိုတယ်လည်း သိမ်းပိုက်ခံလိုက်ရပါတယ်။ 

ဦးစပ်စုဟာ မြန်မာမဟုတ်တဲ့ တရုတ်အမျိုးသားတစ်ယောက်ပါ။ ဒါပေမဲ့ နိုင်ငံအတွက် သူလုပ်နိုင်တာကို လုပ်ပေးခဲ့ပါတယ်။ ဒီလိုပဲ မြန်မာ့ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ ဓလေ့ထုံးစံကို လိုက်နာသူပါ။ သူ့ဆရာပေးလိုက်တဲ့ တရုတ်နှစ် ၅၀၀၀ ရာဇဝင်ထဲကလို နေထိုင်တတ်ခဲ့သူဖြစ်ပါတယ်။ မြန်မာ့မြေမှာ မြန်မာတွေနဲ့ သင့်တင့်မျှတစွာ နေထိုင်တတ်တဲ့ တရုတ်အမျိုးသားကောင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဦးစပ်စုဟာ အဲဒီခေတ်က လူချစ်လူခင်လည်းများသလို မြန်မာအမျိုးသားလူကြီးလူကောင်းတွေရဲ့ လေးစားမှုကိုပါရရှိခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် တရုတ်အမျိုးသားဖြစ်ပေမဲ့ ဦးစပ်စုလို ကိုယ်နေထိုင်ရာ တိုင်းပြည်ကို ချစ်ခင်တဲ့၊ လေးစားတဲ့၊ ပြန်လည်အကျိုးပြုတဲ့လူတွေရဲ့ သမိုင်းဟာ အခုထိတိုင်လှပနေဆဲဖြစ်ပါတော့တယ်။ 

ဗိုလ်ချုပ်နေဝင်းနှင့်အတူ တွေ့ရသည့် ဦးစပ်စု။ (အင်္ကျီအဖြူ လက်တိုနှင့်လူ)

ဟန်သစ်အိမ် (Y3A)

Read More:

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရပ်တည်ခဲ့သူ - ဦးသန့်၏ဘဝခရီး
ပန်းတနော်မြို့သား ဦးသန့်၏ ကျောင်းဆရာဘဝမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာပုံနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများကို လေ့လာမိတ်ဆက်
မြန်မာ့ပထမဆုံး ဒီမိုကရေစီစာအုပ် - ရာဇဓမ္မသင်္ဂဟကျမ်း
နှစ် ၁၅၀ ကျော်က ရေးသားခဲ့တဲ့ ရာဇဓမ္မသင်္ဂဟကျမ်းထဲက ဒီမိုကရေစီအုတ်မြစ်တွေ၊ လူမှုပဋိညာဉ်၊ ပါလီမန်စနစ်နဲ့ မီဒီယာအခန်းကဏ္ဍအကြောင်း လေ့လာချက်

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!