OpenAI ကုမ္ပဏီက သူတို့ရဲ့ ကိုယ်ပိုင် လူမှုကွန်ယက်ပလက်ဖောင်းတစ်ခုကို တည်ဆောက်နေတယ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိရှိထားသူတွေက နည်းပညာသတင်းမီဒီယာတွေကို ဖွင့်ချလာပါတယ်။

ပရောဂျက်က အစပိုင်းအဆင့်မှာပဲ ရှိနေသေးပေမဲ့ ChatGPT ရဲ့ ‘Image Generation’ တွေကို အဓိကထား မျှဝေနိုင်မဲ့ လူမှုကွန်ယက်တစ်ခုကို အတွင်းစည်း စ,ထည့်သွင်းတည်ဆောက်နေတယ်လို့ သိရတာပါ။

OpenAI ရဲ့ အမှုဆောင်အရာရှိချုပ် Sam Altman ကတော့ ဒီပရော့ဂျက်အကြောင်း ပြင်ပသုံးစွဲသူတွေဆီက သဘောထားတွေ တိတ်တဆိတ်တောင်းခံနေတယ်လို့ ဆိုပါတယ်။ OpenAI ရဲ့ ဒီအစီအစဉ်က လူမှုကွန်ယက်ကို သီးခြားအက်ပ်တစ်ခုအဖြစ် ဖြန့်ချိမှာလား၊ ဒါမှမဟုတ် ကမ္ဘာမှာ ဒေါင်းလုဒ်အများဆုံး အက်ပ်စာရင်းဝင် ChatGPT ထဲ ပေါင်းစပ်ထည့်သွင်းမှာလားဆိုတာတော့ မရှင်းလင်းသေးပါဘူး။

ChatGPT နဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်တစ်ခုကို တည်ထောင်ခြင်းက အော်မန်နဲ့ အီလွန်မက်စ်ကြားက တင်းမာမှုကို ပိုအရှိန်မြင့်စေနိုင်တယ်လို့ သုံးစွဲသူတချို့က ထောက်ပြကြပါတယ်။ ဒါ့အပြင် OpenAI ဟာ Meta နဲ့လဲ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာစေမှာပါ။ Meta က သူတို့ရဲ့ AI Assistant App မှာ လူမှုကွန်ယက်စာမျက်နှာတစ်ခုကို ထည့်ဖို့ စီစဉ်နေတယ်လို့ သိရသလို Meta ဘက်ကလဲ ChatGPT နဲ့ ယှဉ်ပြိုင်နိုင်မဲ့ ဉာဏ်ရည်တုမော်ဒယ် တည်ဆောက်နေတယ်ဆိုတဲ့ သတင်းတွေ လွန်ခဲ့တဲ့ ၂ လလောက်က ထွက်လာပါတယ်။

OpenAI အနေနဲ့ လူမှုကွန်ယက်အက်ပ်တစ်ခု ရှိလာပြီဆိုရင် သူ့ကိုယ်ပိုင်ဒေတာတွေကို အချိန်နဲ့ တပြေးညီ ရရှိနေမှာ ဖြစ်ပြီး X နဲ့ Meta မှာလို အေအိုင်မော်ဒယ်တွေ လေ့ကျင့်ရာမှာ အသီးသီးအသုံးပြုနိုင်ပါလိမ့်မယ်။ နမူနာ မက်စ်ခ်ရဲ့ Grok ဆိုရင် X က အကြောင်းအရာတွေကို ရရှိနိုင်သလို Meta ဆိုရင်လဲ Facebook က အသုံးပြုသူဒေတာတွေကို Llama လေ့ကျင့်ရာမှာ ထည့်သုံးနေတာပါ။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ။

OpenAI ရဲ့ လူမှုကွန်ယက်တည်ဆောက်မဲ့ အကြံက AI ကို ပိုကောင်းတဲ့၊ အချိန်နဲ့တပြေးညီတဲ့ ကိစ္စတွေ အသုံးပြုသူတွေဆီ ပေးပို့နိုင်ဖို့ အကောင်းဆုံးကူညီလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

“X နဲ့ Grok ပေါင်းစပ်မှုက တခြားအေအိုင်ကုမ္ပဏီတွေကို မနာလိုဖြစ်စေခဲ့တယ်။ အထူးသဖြင့် Grok က အမိုက်စားဟာသလေးတွေ ပြောရင်း Tweet ပြန်ဖန်တီးပေးတာမျိုးပေါ့” လို့ AI lab တစ်ခုမှာ အလုပ်လုပ်နေသူက The Verge ရဲ့ မေးမြန်းချက်ကို ဖြေခဲ့တာပါ။

လတ်တလောတော့ OpenAI မှာ အာရုံစိုက်စရာတွေ အမြောက်အမြားရှိနေသေးလို့ အစပိုင်းအဆင့်မှာတင် ရှိနေသေးတဲ့ သူတို့ရဲ့ Social Media Project ကို တကယ်အကောင်အထည်ဖော်နိုင်မလားဆိုတာ မသေချာသေးပါဘူး။ ဒါပေမဲ့ OpenAI ဘက်က သူတို့ရဲ့ ဆိုရှယ်မီဒီယာကို ChatGPT နဲ့ ဘယ်လိုပေါင်းစပ်ပြီး တိုးတက်ဖွံ့ဖြိုးအောင် ဖန်တီးပြသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Reference: https://www.theverge.com/openai/648130/openai-social-network-x-competitor

Share this article
The link has been copied!