ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဖြစ်တဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင်က မြန်မာ့သမိုင်းမှာထင်ရှားတဲ့ ကျမ်းတစ်စောင် ဆက်သခဲ့ဖူးပါတယ်။ အဲဒီကျမ်းကို ရာဇဓမ္မသင်္ဂဟကျမ်းဆိုပြီး သိကြပါတယ်။ 

ပုဂံဝန်ထောက်မင်းဦးတင်ကတော့ ဒီကျမ်းဟာ “သီပေါဘုရင်ကို ဆုံးမတဲ့ကျမ်း” လို့ ဆိုပါတယ်။ တချို့ပညာရှင် တွေကတော့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့ကျမ်း၊ အုပ်ချုပ်ရေးစနစ်သစ်ကို စတင်ဖို့ ကြိုးစားတဲ့ကျမ်းဆိုပြီး ရည်ညွှန်းကြပါတယ်။ အထူးသဖြင့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတောင် ဒီကျမ်းဟာ ဥပဒေပြုမင်း (ဝါ) အခြေခံဥပဒေအရ အုပ်ချုပ်နည်း (Constitutional Monarchy)ကို ပြဆိုတဲ့ကျမ်းလို့ဆိုပါတယ်။ 

နာမည်ကျော်စာရေးဆရာမောင်ထင်ကတော့ ရာဇဓမ္မသင်္ဂဟကျမ်းဟာ “မြန်မာနိုင်ငံရေးအတွေးအခေါ် အဟောင်းတို့ကို တော်လှန်သောကျမ်းဖြစ်’”ဆိုပြီး ရေးပါတယ်။ ဒီနေ့ခေတ် နာမည်ကျော်စာရေးဆရာ ကျော်ဝင်းကတော့ “မြန်မာ့လူမှုစီးပွားရေးဘဝတစ်ခုလုံးကို ပြောင်းလဲဖို့ကြိုးစားထားသည့် မြန်မာပညာရှင်တစ်ဦးပြုစုသော ပထမဆုံးနိုင်ငံရေးဘောဂဗေဒကျမ်းဟု ဆိုချင်သည်”ဆိုပြီး ရေးပါတယ်။ 

ဦးဘိုးလှိုင်ကိုယ်တိုင်ကတော့ သူရေးတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းဟာ “မင်းအစရှိသော အစိုးရသူကြီးတို့ ကျင့်အပ်သော ကျမ်း”ဆိုပြီး နာခံသာအောင်ဆိုပါတယ်။ အဓိကတော့ သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ ဒီကျမ်းဟာ ဘုရင်ကိုဆုံးမတဲ့ကျမ်း၊ ဘုရင်ကို ဥပဒေဘောင်ထဲသွတ်သွင်းပြီး ပြည်သူကို ဥပဒေနဲ့အညီ အုပ်ချုပ်ခိုင်းတဲ့ကျမ်းဆိုပြီး တိုက်ရိုက်ပြောလို့မဖြစ်ပါဘူး။ သက်ဦးဆံပိုင်ဘုရင်ခေတ်ဖြစ်တဲ့အတွက် ဘယ်လောက်ကောင်းတဲ့ ကျမ်းဖြစ်ဖြစ် အပြောမတတ်ရင် အသတ်ခံရမှာ ဖြစ်လို့ပါ။ 

ဒီတော့ ပညာရှင်တွေ ညွှန်းဆိုတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းဟာ ဘယ်လိုများပါလဲ။ ဘာတွေထူးခြားပြီး ဘယ်လိုဘယ်ပုံ အကျိုးသက်ရောက်မှုရှိခဲ့ပါသလဲ။ ပြီးတော့ မြန်မာ့ဒီမိုကရေစီနဲ့ ဘယ်လိုဘယ်ပုံ ဆက်စပ်နေတာပါလဲ။

လူမှုပဋိညာဉ် - Social Contract 

လူမှုပဋိညာဉ်ဆိုတာ ဘာပါလဲ။ အလွယ်ဆုံးဖွင့်ဆိုရရင်တော့ လူမှုပဋိညာဉ်ဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေအကြား သဘောတူညီချက်ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေအနေနဲ့ ဘယ်လိုဘယ်ပုံပြုမူရမယ်၊ အုပ်ချုပ်ခံတွေအနေနဲ့ ဘယ်လိုဘယ်ပုံ ပြုမူရမယ်ဆိုတဲ့ အပြန်အလှန်ကတိထားချက်ဆိုပြီး နားလည်လို့လည်းရပါတယ်။ ဒါဟာ ဒီနေ့ခေတ် ဒီမိုကရေစီအင်္ဂါရပ်တစ်ခုဖြစ်တဲ့ အခြေခံဥပဒေရဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ 

၁၇၄၈ ခုနှစ်မှာ ဒေးဗစ်ဟုမ်း (David Hume) ၊ ၁၇၇၆ မှာ ရူးဆိုး (Rousseau) နဲ့ ၁၉၆၀ မှာ ဂျွန်လော့ (John Lock) တို့က လူမှုပဋိညာဉ် - Social Contract  သဘောတရားကို အဆင့်ဆင့်ဖော်ထုတ်ခဲ့ကြပါတယ်။ 

အခုပြောတဲ့ လူမှုပဋိညာဉ်သဘောတရားကို ရာဇဓမ္မသင်္ဂဟကျမ်းမှာ ဦးဘိုးလှိုင်ကလည်း ဖော်ပြခဲ့ပါတယ်။ 

“ကျွန်တော်တို့ ပြည်သူတို့မှာ အချင်းချင်းခိုက်ရန်ဖြစ်ပွားရှိခဲ့လျှင် စီရင်ဆုံးဖြတ်မည့်သူမရှိဖြစ်သည်။ သင်သည် လယ်ယာလုပ်‌ဆောင်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းအမှုကို မပြုပါနှင့်တော့။ ကျွန်တော်တို့လုပ်ဆောင် ကူးသန်းရောင်းဝယ်၍ ရသည့် စီးပွားမှ ကျွန်တော်တို့ကဲ့သို့ စားသုံးလောက်အောင်ပေးပါမည်ဆို၍ သဘောတူကာ တိုင်းပြည်ကိုစောင့်ရှောက်နိုင်မည့် ဉာဏ်ပညာ လက္ခဏာနှင့် ပြည့်စုံသော ဘုရားလောင်းကို မင်းမြှောက်သည်” ဆိုပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ဒီစကားရပ်ကိုကြည့်ရင် ရှင်ဘုရင်လုပ်မဲ့သူနဲ့ အုပ်ချုပ်ခံမဲ့ပြည်သူအကြား နှစ်ဘက်အပြန်အလှန်သဘော တူညီချက်တွေ ရှိကြတယ်ဆိုတာကို ပြသနေပါတယ်။ အုပ်ချုပ်ခံတွေက အခွန်ဘဏ္ဍာဆက်မယ်၊ အုပ်ချုပ်သူဘုရင်ကတော့ တရားသဖြင့် အုပ်ချုပ်ရမယ်၊ စောင့်ရှောက်ရမယ်ဆိုတဲ့ အခြေခံအယူအဆဟာ လူမှုပဋိညာဉ်ပဲ ဖြစ်ပါတယ်။ 

ဒီအခြေခံသဘောတရားဟာ ဒီနေ့ခေတ် Constitutional အခြေခံသဘောတရားပဲဖြစ်ပါတယ်။ အခြေခံဥပဒေမှာလည်း အုပ်ချုပ်တဲ့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေရဲ့ တာဝန်နဲ့ အခွင့်အရေးတွေ၊ အုပ်ချုပ်ခံတွေရဲ့ တာဝန်နဲ့အခွင့်အရေးတွေ၊ နိုင်ငံကို ဘယ်လိုဘယ်ပုံ အုပ်ချုပ်မယ်၊ စီးပွားရေးက ဘယ်လိုဘယ်ပုံစနစ်ကို ကျင့်သုံးမယ်ဆိုတာတွေကို အပြန်အလှန်ကတိကဝတ်ပြုထားကြတာဖြစ်ပါတယ်။ 

ဦးဘိုးလှိုင်ရဲ့ ဒီမိုကရေစီ

ရာဇဓမ္မသင်္ဂဟကျမ်းရဲ့ ကျမ်းဦးအစမှာတင် "တိုင်းပြည်နိုင်ငံကို တစ်ယောက်နှစ်ယောက်၏ ဩဇာနှင့်သာ အုပ်စိုးလျှင် ပုထုဇဉ်ဖြစ်၍ အမှားအယွင်းများရန်ရှိသောကြောင့် တစယောက်နှစ်ယောက်၏ ဩဇာနှင့်မပြုလုပ်၊ မင်းမှူးမတ်တို့ စည်းဝေးပြုလုပ်လျှင် အမှားအယွင်းဖြစ်ရန် မရှိ"ဆိုပြီး ဖော်ပြထားပါတယ်။ 

ဒီသဘောဟာ တိုင်းပြည်ကိုဘယ်လိုစနစ်နဲ့အုပ်ချုပ်မလဲဆိုတဲ့ အခြေခံအုပ်ချုပ်မှုနည်းစနစ်ကို ဖော်ညွှန်းနေတာဖြစ်ပါတယ်။ ဦးဘိုးလှိုင်ကတော့ အများဆန္ဒနဲ့ အုပ်ချုပ်တဲ့စနစ်ဟာ အမှားအယွင်းမရှိဘူးလို့ ဆိုပါတယ်။ 

အဲဒီခေတ်မှာ ဒီမိုကရေစီဆိုတဲ့ မြန်မာလိုဝေါဟာရ မပေါ်သေးလို့တာ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းကို မသုံးခဲ့ကြတာလို့ ယူဆရမှာပါ။ ဦးဘိုးလှိုင်ပြောတဲ့ စနစ်ဟာ ဒီနေ့ခေတ်ဒီမိုကရေစီသဘောတရားနဲ့ အသေးစိတ်တော့ တူချင်တူပါလိမ့်မယ်။ ဒါပေမဲ့ အခြေခံဘောတရားကတော့ အများဆန္ဒနဲ့ အုပ်ချုပ်ဖို့ပါပဲ။ 

အများသဘောနှင့်အုပ်ချုပ်တဲ့အကြောင်းပြောတဲ့အခါ ဘုရားရှင်လက်ထက်တုန်းက လိစ္ဆဝီမင်းတွေ ဆိုတာရှိပါတယ်။ “မင်း”တွေလို့ပြောရတာက တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အစုအပေါင်းဖြစ်လို့ပါ။ သူတို့က သူတို့တိုင်းပြည် လိစ္ဆဝီတိုင်းကိုလည်း အလှည့်ကျ စုပေါင်းအုပ်ချုပ်ပါတယ်။ 

လိစ္ဆဝီမင်းတွေကို အကြောင်းပြုပြီး မြတ်စွာဘုရားက အပရိဟာနိယတရားဆိုတဲ့ ကြီးပွားကြောင်းတရား ၇ ပါးကိုဟောတော်မူကြောင်း ဦးဘိုးလှိုင်က သူ့ရဲ့ ရာဇဓမ္မသင်္ဂဟကျမ်းမှာ အခုလိုဖော်ပြပါတယ်။ 

၁) စည်းဝေးတိုင်ပင်ခြင်း

၂) ညီညီညွတ်ညွတ်ဆောင်ရွက်ခြင်း

၃) ဥပဒေအတိုင်းကျင့်သုံးခြင်း။

၄) လူကြီးသူမ အဆုံးအမတွင်တည်ခြင်း။ 

၅) အမျိုးသမီးများကို မနှိပ်စက်ခြင်း။ 

၆) မြို့စောင့် ရွာစောင့်နတ်တို့ကို ပူဇော်ခြင်း။ 

၇) ရဟန္တာတို့ကို စောင့်ရှောက်ခြင်း။ 

ဒီတရား ၇ ပါးမှာ စည်းဝေးတိုင်ပင်တာ၊ ညီညီညွတ်ညွတ်ဆောင်ရွက်တာ၊ ဥပဒေအတိုင်းကျင့်သုံးတာ၊ အမျိုးသမီးတွေကို မနှိပ်စက်တာ ဒီ ၄ ချက်ဟာ ဒီမိုကရေစီသဘောတရားတွေ သက်ဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ 

အများဆန္ဒနဲ့အုပ်ချုပ်တဲ့အခါ ဥပဒေက အဓိကကျပါတယ်။ ဥပဒေကို ဘယ်လိုဘယ်ပုံ ပြဌာန်းရမယ် ဆိုတာကိုလည်း အခုလိုဆက်ရှင်းပါတယ်။ 

ဗြိတိသျှပါလီမန်စနစ် နဲ့ မီဒီယာ

ကင်းဝန်မင်းကြီး ဦးကောင်းဟာ မင်းတုန်းမင်းစေလွှတ်လို့ သံကြီးအဖြစ်  ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။ ပြန်ရောက်တဲ့အခါ လန်ဒန်မြို့သွားနေ့စဉ်မှတ်တမ်းနဲ့ ပြင်သစ်နိုင်ငံသွားနေ့စဉ် မှတ်တမ်းတို့ကို ရေးပါတယ်။ ဦးဘိုးလှိုင်ကတော့ အဲဒီလို မသွားဖူးပါဘူး။ ဗြိတိန်ကိုမရောက်ဖူးပေမဲ့ ဦးဘိုးလှိုင်ကတော့ ကင်းဝန်မင်းကြီး လက်တွေ့လေ့လာဆည်းပူးခဲ့တဲ့ ဗြိတိသျှပါလီမန်စနစ်ကို သူ့ကျမ်းထဲမှာ အခုလိုထည့်ရေးပါတယ်။ 

“ဗြိတိသျှပါလီမန်၌ နိုင်ငံတွင်းမြို့ကျေးရွာတို့က သဘောတူပေးသည့် လူကြီးစုတစ်သင်း နှင့် အရိုးအစဉ်အတိုင်း လာသမျသော မှူးမတ်စုတစ်သင်းပါသော ဥပ‌ဒေပြု နှစ်ဌာနတို့သည် သန္တိပါက သမဂ္ဂဖြစ်အောင် အဝိရောစနတရားနှင့်လည်း ညီအောင်၊ သင်္ဂဟတရားလေးပါးတို့ကိုနေရာကျအောင် လုပ်ဆောင်ကြရသည်။”

“နိုင်ငံအတွင်းမြို့ကျေးရွာတို့က သဘောတူပေးသည့် လူကြီးစုတစ်သင်း” ဆိုတာ ဒီနေ့ခေတ်စကားနဲ့ဆိုရင် ရပ်ကွက်ကျေးရွာက ထောက်ခံတဲ့ အောက်လွှတ်တော်လို့ ပြောရမှာဖြစ်ပါတယ်။ “အရိုးအစဉ်အတိုင်း လာသမျှသော မှူးမတ်စုတစ်သင်း” ဆိုတာကတော့ ဒီနေ့ခေတ်အထက်လွှတ်တော်နဲ့ပိုပြီး သဘောထားချင်း ဆင်တူပါတယ်။ 

“လူကြီးစုတစ်သင်း နှင့် အရိုးအစဉ်အတိုင်း လာသမျသော မှူးမတ်စုတစ်သင်းပါသော ဥပ‌ဒေပြု နှစ်ဌာနတို့ ညှိနှိုင်းဆွေးနွေးကြသည့်ကာလ၊ သတင်းစာဆရာတို့ကိုလည်း ဝင်၍နားထောင်စေပြီးလျှင် သတင်းစာရိုက်၍ နေ့စဉ်နိုင်ငံကို ထုတ်ပြန်သည့်ကာလ၊ နိုင်ငံလူထုကလည်း ကြိုက်သည်၊ မကြိုက်သည် သတင်းစာမှ ပြန်ရေးကာ ညှိနှိုင်းကြသည့်ကာလ အဝိရောဓနတရားနေရာကျအောင် လုပ်ဆောင်ရမည်” ဆိုတာကလည်း လွှတ်တော်တွေမှာ အများသဘောနဲ့ဆွေးနွေးမှုကို တိုင်းသူပြည်သားတွေသိအောင် သတင်းစာတွေကနေ ဖြန့်ဖြူးရမယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ 

သီပေါဘုရင်ရဲ့ ခမည်းတော် မင်းတုန်းမင်းကြီးလက်ထက် (မြန်မာသက္ကရာဇ် ၁၂၃၀) ကတည်းက ရတနာပုံ နေပြည်တော်မှာ သတင်းစာဆိုတာ ပေါ်ပေါ်နေခဲ့တာဖြစ်ပြီး ဦးဘိုးလှိုင်ရဲ့ ရာဇဓမ္မသင်္ဂဟကျမ်း ဖော်ပြချက်ကတော့ မီဒီယာရဲ့ အခန်းကဏ္ဍကို အသုံးချပြီး လွှတ်တော်ကို ထိန်းကျောင်းတာလားလို့ တွေးထင်ယူဆစရာဖြစ်ပါတယ်။ 

ဝင်ငွေလည်ပတ်စီးဆင်းမှုသဘောတရားနှင့် သင်္ဂဟတရားလေးပါး

ရာဇဓမ္မသင်္ဂဟကျမ်းထဲမှာ ဦးဘိုးလှိုင်ရဲ့ သင်္ဂဟတရားလေးပါး ဖော်ပြချက်တွေဟာ မြေယာဘောဂဗေဒသမား တစ်ဦးဖြစ်တဲ့ ဖရစ်စွာကာနေး (Francois Wuesnay) ရဲ့ လူထုဘဏ္ဍာရေးအယူအဆနဲ့ နီးစပ်တယ်လို့ စာရေးဆရာကျော်ဝင်းက သူ့စာအုပ်တစ်အုပ်မှာဖော်ပြဖူးပါတယ်။ 

သင်္ဂဟတရားလေးပါးကတော့ - 

၁) သဿမေဓ အခွန် (ကုန်သည်လယ်လုပ်တို့ဆီမှ အခွန်ကောက်ယူခြင်း)

၂) ပုရိသမေဓ ( အခွန်အတုပ်စောင့်ရှောက်မဲ့သူများကို ဝေငှပေးကမ်းခြင်း)

၃) သမ္မာပါသ (ကုန်သည်လယ်လုပ်တို့ ဖွံ့ဖြိုးစည်ပင်အောင် ပြန်လည်စောင့်ရှောက်ခြင်း)

၄) ဝါစာပေယျ (ကုန်သည်လယ်လုပ်တို့ကို မျှတစွာပြုမူ၍ ချိုသာစွာ ဆက်ဆံခြင်း)

အဲဒီ သင်္ဂဟတရားလေးပါးကို ဒီနေ့ခေတ်စကားနဲ့ ဖွင့်ဆိုကြည့်ရအောင်ပါ။ 

သဿမေဓအခွန်ဆိုတာ အခွန်ကောက်တာပါ။ အဲဒီခေတ်ကတော့ ကုန်သည်၊ လယ်သမားပဲအများဆုံးရှိတော့ သူတို့ဆီက အခွန်ကောက်ရမယ်လို့ ဆိုလိုတာပါ။ 

ပုရိသမေဓဆိုတာကတော့ အခွန်ကောက်၊ အခွန်ကိုထိန်းသိမ်းတဲ့ လူတွေကို စောင့်ရှောက်ခ (လစာ) ပေးအပ်တာမျိုးကို ပြောတာပါ။ ဒီနေ့ခေတ်ဆိုရင်တော့ လက်နက်ကိုင်တွေအပါအဝင် အစိုးရဝန်ထမ်းကို လစာပေးတာမျိုးလို့ ဆိုရင်ရပါလိမ့်မယ်။ 

သမ္မာပါသ ဆိုတာကတော့ ကုန်သည်တွေ၊ လယ်သမားတွေ ဖွံ့ဖြိုးစည်ပင်လာအောင် ကြံဆောင်ပေးရမယ်၊ ပြန်လည်လုပ်ဆောင်ပေးရမယ်လို့ ဆိုလိုတာပါ ဒီနေ့ခေတ်ဆို ဥပဒေနဲ့အကာအကွယ်ပေးတာ၊ လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်တာ၊ သူခိုး၊ ဓားပြရန်က ကာကွယ်ပေးတာမျိုးလည်း ပါဝင်ကောင်းပါဝင်ပါလိမ့်မယ်။ အဲဒီလို ကာကွယ်စောင့်ရှောက်မှ ကုန်သည်၊ လယ်လုပ်တွေ စည်ပင်ဖွံ့ဖြိုးပြီး အခွန်များများရ၊ ဒီလိုအခွန်များမှ နိုင်ငံဖွံ့ဖြိုးရေးကို ပိုပြီးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဝါစာပေယျဆိုတာကတော့ ကုန်သည်၊ လယ်သမားတွေဟာ အခွန်ဆောင်သူတွေဖြစ်တယ်။ ဒါကြောင့် အခွန်ထိန်းသိမ်းစောင့်ရှောက်သူတွေက အခွန်ထမ်းတွေကို ကြည်ဖြူပျူငှာဆက်ဆံရမယ် ဆိုတဲ့သဘောဖြစ်ပါတယ်။ 

သင်္ဂဟတရားလေးပါးကို အနှစ်ချုပ်ကြည့်တဲ့အခါ အခွန်ကောက်၊ ပြည်သူ့ဝန်ထမ်းတွေကိုလည်း လစာပေး၊ အခွန်ထမ်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် စောင့်ရှောက်၊ အခွန်ထမ်းတွေကို ပျူငှာချိုသာစွာ ဆက်ဆံဆိုတဲ့ ဝင်ငွေလည်ပတ်စီးဆင်းမှုသဘောတရားတွေကို တွေ့ရပါလိမ့်မယ်။ 

ကျမ်းထဲက အခွန်တို့၏ သဘော

“အခွန်အတုပ်တို့ကိုယူ၍ စားသောက်သုံးဆောင်သော မင်း၊ မှူးမတ်လက်နက်ကိုင်တို့သည် ကုန်သည်လယ်လုပ်တို့ ဘေးရန်မရှိ ကူးသန်းရောင်းဝယ် လုပ်ဆောင်နိုင်အောင် ဧကန်စောင့်ရှောက်သင့်သည်။”

“နိုင်ငံကို အုပ်စိုးစောင့်ရှောက်ကုန်သော မင်းမှူးမတ်တို့သည် ကုန်သည်လယ်လုပ်တို့ကို မပြတ်ကြည့်ရှု အားပေးရလိမ့်မည်။ ဤသို့အားပေးခြင်းသည်ပင် တိုင်းပြည်၊ နိုင်ငံတော်ကို တိုးတက်အောင် ပြုလုပ်ခြင်းမည်၏” 

ဦးဘိုးလှိုင် ရာဇဓမ္မသင်္ဂဟကျမ်းမှာ ပြည်သူ့ဘဏ္ဍာကျောရိုးဖြစ်တဲ့ အခွန်ထမ်းတွေကို စောင့်ရှောက်ဖို့ ထပ်တလဲလဲပြောထားတာကို တွေ့ရပါတယ်။ 

ဒါ့အပြင် သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ အခွန်တော်ဟာ ပြည်သူ့ဘဏ္ဍာဖြစ်ပြီ ရှင်ဘုရင်ပိုင်မဟုတ်ဆိုတဲ့သဘော သတိပေးချက်ကိုလည်း အံအားသင့်လောက်စရာ အခုလိုတွေ့ရပါသေးတယ်။

“ကုန်သည်လယ်လုပ်တို့ကို မစောင့်မရှောက်၊ အလိုရှိရာ လှူဒါန်းပေးကမ်း သုံးစားကုန်လျှင် ခိုးခြင်း ၂၅ ပါးတွင် လိမ်လည်လှည့်စား၍ယူသော “ကုဋေဝဟာရ”၊ နှိပ်စက်၍ယူသော “ပသယှာဝဟာရ”တို့မှ လွန်ရန်အကြောင်းမရှိ…”

အနှစ်ချုပ်ပြောရရင်တော့ ကုန်သည်လယ်လုပ်က ပေးတဲ့အခွန်ကို ကိုယ်ပိုင်ပစ္စည်းလို သုံးလိုသမျှသုံးနေရင် လိမ်လည်ပြီးယူ၊ နှိပ်စက်ပြီးယူတဲ့ ခိုးတဲ့အမှုကို ကျူးလွန်တာပဲဆိုပြီး ပြောတာပါ။ ပြည်သူ့ဘဏ္ဍာကို စိတ်ထင်တိုင်းမဖြုန်းအောင် တားမြစ်ချက်လို့လည်း ဆိုနိုင်ပါတယ်။ 

ဒါ့အပြင် ငွေတိုက်စနစ် (ဒီနေ့ခေတ် ဗဟိုဘဏ်သဘောဟု ယူဆနိုင်) ထူထောင်ပြီး ရှင်ဘုရင်ကို လစာပေးဖို့တောင် ကျမ်းထဲမှာထည့်ရေးပါတယ်။ ဒါကြောင့်လည်း ဦးဘိုးလှိုင်ဟာ သီပေါမင်းမဟေသီလေးရဲ့ အငြိုအငြင်ကို ခံခဲ့ရပါသေးတယ်။ 

အရင်းရှင်ခေတ်ရဲ့ နိယာမ

ရှေးတုန်းက သက်ဦးဆံပိုင်ဘုရင်ခေတ် စစ်ပွဲတွေဟာ ဘုန်းတန်ခိုး၊ အာဏာကြောင့်ဖြစ်ခဲ့တဲ့စစ်ပွဲတွေပါ။ ဒေါသကြောင့်ဖြစ်တဲ့ စစ်ပွဲတွေလို့ ဆိုရပါမယ်။ ဘုရင်ကို လက်အောက်ခံနိုင်ငံက ဆင်ဖြူမဆက်သလို့၊ လာရောက်မဖူးမြှော်လို့ ဒီလိုအကြောင်းလေးတွေနဲ့တောင် စစ်ဖြစ်ကြပါတယ်။ နောက်ပိုင်း ခေတ်သစ်စစ်ပွဲတွေကတော့ ဒီလိုမဟုတ်ဘဲ လောဘကြောင့်ဖြစ်လာခဲ့တဲ့စစ်ပွဲတွေပါ။ 

အရင်းရှင်စနစ်ကြီးထွားအောင်မြင်လာတာနဲ့အမျှ စစ်တိုက်တယ်ဆိုတာ အကျိုးစီးပွားအတွက်ဖြစ်လာရပါတယ်။ အထူးသဖြင့် ဒတ်ချ်၊ ပေါ်တူဂီ၊ အင်္ဂလိပ်တွေဟာ ကုန်သွယ်ဖို့အတွက် ၁၉ ရာစုအစောပိုင်းကတည်းက ကမ္ဘာပတ်ပြီး နယ်ချဲ့ခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းကို ဦးဘိုးလှိုင်က သိရှိခဲ့ပါတယ်။ ဒါကြောင့် ရာဇဓမ္မသင်္ဂဟကျမ်းမှာ အခုလို သူက အသိပေးပါတယ်။

“သိုးဆောင်းလူမျိုးတို့တွင် စစ်မက်ဖြစ်သည်ဟူသမျှသည် မျာသောအားဖြင့် ကုန်သည်တို့ကို အားပေးခြင်း၊ သမ္မာပါသတရားတိုးပွားအောင် ပြုလုပ်ရာ၌ အပိတ်အပင် အဆီးအတားမရှိသောကြောင့် စစ်ဖြစ်ရသည်သာများသည်”

မျက်မှောက်ခေတ်ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ကြည့်ရင် အကျိုးစီးပွားအတွက် တိုက်ကြတဲ့ စစ်ပွဲတွေချည်းပဲလို့တောင် ပြောလို့ရပါတယ်။ ရုရှားက ယူကရိန်းကို တိုက်တာဟာ သူ့အကျိုးစီးပွားကြောင့်ဖြစ်သလို တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဆိုတာကလည်း အကျိုးစီးပွားကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရင်းရှင်စနစ်ကြီးထွားမှုနဲ့အတူ လောဘကြောင့်ဖြစ်တဲ့ စစ်ပွဲတွေ ပိုများလာတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက ရာဇဓမ္မသင်္ဂဟကျမ်းမှာ ဦးဘိုးလှိုင်က ဖော်ပြခဲ့ပါတယ်။ 

ရှေ့ပြေးဒီမိုကရေစီကျဆုံးခြင်း

ဦးဘိုးလှိုင်ဟာ ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးတဲ့အခါ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်ကို မြန်မာ့အမြင်နဲ့ မြန်မာ့တရားနဲ့ ချိန်ထိုးပြီး မြန်မာနားဝင်အောင် ရေးပါတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေ လွှမ်းမိုးနေတဲ့ ခေတ်ဖြစ်ပေမဲ့ ကျမ်းထဲမှာ အနောက်နိုင်ငံတွေရဲ့ အားသာချက်တွေကို ထည့်ရေးခဲ့ပါတယ်။ 

ဦးဘိုးလှိုင်ရဲ့ တင်ပြချက်တွေ ဒီနေ့ခေတ် နိုင်ငံတကာမှာကျင့်သုံးနေတဲ့ အခြေခံသဘောတရားတွေပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်ကတည်းက ဦးဘိုးလှိုင်က သူ့ကျမ်းထဲမှာ ထည့်ရေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အယူအဆတွေက မြန်မာနိုင်ငံအတွက် နှစ်ပေါင်း ၁၄၀ ကျော်လောက် စောနေပါတယ်။ ဒါကြောင့် သူကျင်လည်ရာ သက်ဦးဆံပိုင်အသိုင်းအဝိုင်းက သူ့အယူအဆတွေကို လက်မခံပါဘူး။ အာဏာကို ဖက်တွယ်၊ လုပ်ပိုင်ခွင့်ကို မစွန့်လွှတ်နိုင်ပါဘူး။ 

ဦးဘိုးလှိုင်နဲ့ အိုင်ဒီယိုလော်ဂျီချင်းတူညီကြတဲ့ အစုအဖွဲ့ကတော့ ကနောင်မင်းသားကြီးနဲ့ ကင်းဝန်မင်းကြီးဦးကောင်းပဲဖြစ်ပါတယ်။ သူတို့ ၃ ဦးပေါင်းပြီး နိုင်ငံကို စည်းမျဉ်းခံဘုရင်စနစ်စတင်ဖို့၊ လက်နက်အင်အားကြီးထွားအောင်လုပ်ဖို့၊ စက်မှုနိုင်ငံတော်တည်ထောင်ဖို့တွေအထိ ကြံဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကနောင်မင်းသားကြီး လုပ်ကြံခံလိုက်ရပြီးနောက်မှာတော့ သူတို့မျှော်မှန်းသမျှတွေဟာ အလှမ်းဝေးသွားခဲ့ပါတယ်။ ဒါ့ကြောင့် ကနောင်မင်းသားကြီး ကွယ်လွန်ပြီးမှ ထွက်ပေါ်လာတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းဆိုတာလည်း ကျမ်းအနေနဲ့ပဲ ရှိခဲ့ပါတယ်။ 

တနည်းပြောရရင် မြန်မာ့ရှေ့ပြေးဒီမိုကရေစီသဘောတရားတွေဟာ ကျမ်းစာအုပ်ထဲမှာပဲရှိခဲ့ပါတော့တယ်။ ဒီနေ့အချိန်မှာတော့ ဦးဘိုးလှိုင်ရဲ့ မြန်မာ့ရှေ့ပြေးဒီမိုကရေစီကို ဖော်ညွှန်းတဲ့ ရာဇဓမ္မသင်္ဂဟကျမ်း ပေမူဟာ အမျိုးသားပြတိုက်မှာရှိနေပါတယ်။ 

ကျမ်းထဲက လိုက်နာကျင့်သုံးရမဲ့ ဒီမိုကရေစီနည်းကျ အချက်အလက်တွေကလည်း လက်တွေ့မြေပြင်ကို ဒီနေ့အထိတိုင် တိုးထွက်မလာနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း မြန်မာဟာ နှစ်ပေါင်းများစွာ သူများအောက် နောက်ကျနေခဲ့တာဖြစ်ပါတယ်။ အခုတော့ မြန်မာတွေ ဒီမိုကရေစီနဲ့ လွဲချော်ခဲ့တာ နှစ်ပေါင်း ၁၄၀ ကျော်လောက်တောင် ကြာမြင့်ခဲ့ပါပြီ။

တကယ်လို့များ ဦးဘိုးလှိုင်ရဲ့ကျမ်းကိုသာ အဲဒီနေ့အဲဒီအချိန်တုန်းက လိုက်နာကျင့်သုံးဖို့ စဉ်းစားခဲ့ကြမယ်ဆိုရင် မြန်မာနိုင်ငံရေးဟာ တစ်မျိုးတစ်ဖုံပြောင်းလဲကောင်း ပြောင်းလဲနိုင်မလားဆိုတာ ထည့်သွင်းစဉ်းစားသင့်လှပါတော့တယ်။ 

လင်းအိမ် (Y3A) 

Read More:

တောင်ကြီးမီးပုံးပျံပွဲတော် - ရှမ်းတို့ရဲ့ အမွေအနှစ်
နှစ်ပေါင်း ၇၀ ကျော်သမိုင်းရှိ တောင်ကြီးမီးပုံးပျံပွဲတော်ရဲ့ စတင်ပုံ၊ ရိုးရာဓလေ့များ၊ ပွဲတော်ရဲ့အနှစ်သာရနဲ့ ယူနက်စကိုအမွေအနှစ်စာရင်းဝင်
မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းနှင့် အပြောင်းအလဲများ
လွတ်လပ်ရေးခေတ်မှ ယနေ့အထိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကို လေ့လာခြင်း။ စစ်တပ်၊ ပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!