အိမ်နီးချင်းဆိုတာ ရွေးချယ်လို့မရဘူးလို့ ဆိုရိုးရှိပါတယ်။ စစ်မှန်တဲ့ အိမ်နီးချင်းဆိုတာ ဘုရားပေးတဲ့ လက်ဆောင်၊ အိမ်နီးချင်းကောင်းရဖို့ ခြံစည်းရိုးခတ်ရမယ် စတဲ့ ဒီလိုစကားတွေ မြန်မာစာ၊ မြန်မာစကားနယ်ပယ်မှာ သုံးစွဲလေ့ရှိပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာရှိပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်း စုစုပေါင်း နိုင်ငံ ၅ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ ယဉ်ကျေးမှုချင်း၊ ကိုးကွယ်ရာဘာသာတရားချင်း၊ လူမှုနေမှုဟန်ပန်ချင်း အလွန်နီးစပ်ကြပါတယ်။ ဒါကြောင့် ဒီနှစ်နိုင်ငံဟာ ရှေးပဝေသဏီကတည်းက ကူးလူးဆက်ဆံခဲ့ကြပါတယ်။ ဒီတော့ အတိတ်-ပစ္စုပ္ပန်-အနာဂတ်တွေမှာ ထိုင်း-မြန်မာ ဆက်ဆံရေးက ဘယ်လို ဘယ်ပုံရှိခဲ့ပါသလဲ။ 

နိုင်ငံရေး 

(က) ပဒေသရာဇ်ခေတ် 

ဒုတိယမြန်မာနိုင်ငံတည်ထောင်တဲ့ တောင်ငူခေတ် တပင်ရွှေထီးလက်ထက် ၁၅၄၈ ခုနှစ် မှာ မြန်မာ-ထိုင်း စစ်ပွဲတွေ စဖြစ်ခဲ့ပါတယ်။ ထားဝယ်မြို့ကို သူပိုင်ကိုယ်ပိုင် အငြင်းပွားနေရာကနေ ထိုင်းတွေက လာရောက်ကျူးကျော်လို့ စစ်ဖြစ်ကြတာပါ။ အဲဒီမှာ မြန်မာတွေ စစ်နိုင်ပြီး ကန်ချနာပူရီ(စံခလပူရီ)ကို သိမ်းပါတယ်။ အဲဒီကနေ အယုဒ္ဒယကို စစ်ချီပြီး မရတဲ့အခါ ကမန်ပိုက်အရပ်ကို နောက်ဆုတ်ပါတယ်။ ထိုင်းတွေလိုက်တိုက်လို့ တိုက်ပွဲဖြစ်ပြီး ထိုင်းဘုရင်ရဲ့ သားမက်ကို လက်ရဖမ်းဆီးမိပါတယ်။ အဲဒီမှာ ထိုင်းဘုရင်က သားမက်ကို ပြန်လွှတ်ပေးရင် ဆင်သုံးဆယ်၊ ငွေချိန်သုံးရာနဲ့ အခွန်ငွေဆက်သမယ်ဆိုပြီး ကမ်းလှမ်းတာကို တပင်ရွှေထီးက လက်ခံပြီး စစ်ပြေငြိမ်းခဲ့ပါတယ်။ 

ဘုရင့်နောက်လက်ထက် ၁၅၆၃ မှာ ပဏ္ဍာဆက်နိုင်ငံဖြစ်တဲ့ ထိုင်းကနေ ဆင်ဖြူတောင်းတာ မပေးတဲ့အပြင် သံခင်းတမန်ခင်းအရ ချေငံစွာ မဆက်ဆံလို့ဆိုပြီး ဟံသာဝတီကနေ ယိုးဒယား(ထိုင်း) ဆီ စစ်ချီပါတယ်။ အယုဒ္ဒယကို တိုက်ခိုက်ပါတယ်။ ယိုးဒယားဘုရင်က စစ်ပြေငြိမ်းဖို့ကမ်းလှမ်းပြီး ဆင်ဖြူတစ်စီး ဆက်သပါတယ်။ ဘုရင့်နောင်က လက်ခံတဲ့အခါ ယိုးဒယားဘုရင် ချက္ကရဖတ်ကိုယ်တိုင် လက်ဆောင်ဆက်သပြီး သစ္စာခံပါတယ်။ ချက္ကရဖတ်ကို ဟံသာဝတီဆီခေါ်လာပြီး ချက္ကရဖတ်ရဲ့ သားတော်ကို နန်းတင်ပေးခဲ့ပါတယ်။ ချက္ကရဖတ်ဟာ ဟံသာဝတီမှာ ဘုန်းကြီးဝတ်ရာကနေ ဘုရားဖူးအကြောင်းပြပြီး ထိုင်းကိုသွားပါတယ်။ ထိုင်းရောက်တဲ့အခါ သူ့သားတော်နဲ့ပေါင်းပြီး ပုန်ကန်လို့ ဘုရင့်နောင်လည်း ၁၅၆၈ မှာ နောက်တစ်ကြိမ် စစ်ချီရပြန်ပါတယ်။ အယုဒ္ဒယကို မြန်မာတွေ ပြန်ရခဲ့ပါတယ်။ ချက္ကရဖတ်ရဲ့ သားမက်ကို နန်းတင်ပြီး မြန်မာတွေ ပြန်ခဲ့ပါတယ်။ 

ဘုရင့်နောင်နတ်ရွာစံပြီး နန်းတက်တဲ့ နန္ဒဘုရင်လက်ထက်မှာလည်း မြန်မာ-ထိုင်း စစ်ပွဲတွေ ဖြစ်ပါသေးတယ်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရာ လက်ထက်မှာလည်း မြန်မာ-ထိုင်း စစ်ပွဲတွေဖြစ်ခဲ့ပါတယ်။ အလောင်းမင်းတရာရဲ့ သားတော် ဆင်ဖြူရှင်မင်းလက်ထက် ၁၇၆၇ မှာလည်း စစ်ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်း လက်ထက်မှာတော့ ထိုင်းနိုင်ငံ အယုဒ္ဒယမြို့ဟာ အပြီးတိုင်ချေမှုန်းခံလိုက်ရပါတော့တယ်။ ဗဒုံမင်းလက်ထက်မှာလည်း မြန်မာတွေ သိမ်းပိုက်ထားတဲ့ ဇင်းမယ်ကို ထိုင်းတွေက လာတိုက်လို့ မြန်မာတွေက စစ်ချီပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါသေးတယ်။

အဲဒီ ထိုင်း-မြန်မာ စစ်ပွဲတွေကို ကြည့်ရင် ပဒေသရာဇ်ခေတ်မှာ နယ်မြေတွေကို သူပိုင်ကိုယ်ပိုင်အငြင်းပွားမှု၊ အင်အားနည်းချိန် ကျူးကျော်သိမ်းပိုက်မှု၊ ပဏ္ဍာဆက်နိုင်ငံအဖြစ် သစ္စာခံနေပေမဲ့ မင်းပြောင်းမင်းလွှဲရှိတဲ့အခါ ပြန်လည်ပုန်ကန်မှုနဲ့ ဘုရင်တစ်ပါးရဲ့ ဘုန်းတန်ခိုးအဆောင်အယောင်အဖြစ် သတ်မှတ်တဲ့ ဆင်ဖြူတော်ရယူလိုမှု ဒီလိုကိစ္စတွေကြောင့် စစ်မက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

(ခ) ကိုလိုနီခေတ် 

အင်္ဂလိပ်-မြန်မာပထမစစ်ပွဲဟာ ၁၈၂၄ မှာဖြစ်ပွားပါတယ်။ စစ်ပွဲမှာ လိုအပ်ရင် အင်္ဂလိပ်ဘက်ကနေ ထိုင်းတွေဝင်တိုက်ပေးဖို့ အင်္ဂလိပ်သံ ဟင်နရီဘာနေက ထိုင်းဘုရင် တတိယရာမင်းဆီကို သွားရောက်တွေ့ဆုံ ပြောဆိုခဲ့ပါတယ်။ ထိုင်းတွေကလည်း စစ်တပ် ၃ တပ်နဲ့ အသင့်ပြင်နေခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ အင်္ဂလိပ်ကလည်း စစ်ကူမတောင်းခဲ့ရသလို ထိုင်းတွေကလည်း မြန်မာနယ်မြေထဲ မဝင်ရောက်နိုင်ခဲ့ပါဘူး။

ထူးခြားတာကတော့ ထိုင်းနိုင်ငံဟာ ကိုလိုနီလက်အောက်ခံမဖြစ်ခဲ့တာပါ။ ဒါပေမဲ့ သူ့နယ်မြေတွေကို အင်္ဂလိပ်နဲ့ ပြင်သစ်က ခွဲဝေရယူခဲ့ပါတယ်။ ထိုင်းဟာ အင်္ဂလိပ်နဲ့စစ်ဖြစ်ခြင်းမရှိဘဲ နယ်လွန်တရားစီရင်ခွင့်ရှိတဲ့ ဘောင်းရင်းစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဒီလိုနည်းနဲ့ အင်္ဂလိပ်ဟာ ထိုင်းနိုင်ငံကို စစ်မတိုက်ရဘဲ အမြတ်ထုတ်သွားနိုင်ခဲ့ပါတယ်။ 

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ကျ ရောက်သွားပါတယ်။ အဲဒီနောက် ၅၆ နှစ်အကြာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ မှာတော့ ဂျပန်အကူအညီနဲ့ မြန်မာရဲဘော်သုံးကျိပ်ဝင် လူငယ်တွေဟာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ထူထောင်ခဲ့ကြပါတယ်။ အဲဒီလို ထိုင်းနိုင်ငံမှာ ထူထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ နောက်ပိုင်းကျ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖြစ်လာပြီး အခုလက်ရှိတပ်မတော်ရဲ့ ကနဦးအစလည်းဖြစ်ပါတယ်။ 

၁၉၄၂ မှာ ထိုင်းဟာ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်နဲ့ အမေရိကန်ကို စစ်ကြေညာပါတယ်။ ပြီးတော့ ဂျပန်တပ်တွေနဲ့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနဲ့ မိုင်းပန်နယ်တွေကို သိမ်းပိုက်ခဲ့ပါတယ်။ ၁၉၄၅ မှာ ဂျပန်စစ်ရှုံးလို့ ထွက်သွားတဲ့အခါ အင်္ဂလိပ်က အဲဒီနယ်မြေတွေကို ပြန်လည်ရရှိခဲ့ပါတယ်။ 

(ဂ) လွတ်လပ်ပြီးခေတ် 

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ တရားဝင် သံတမန်ဆက်ဆံရေးဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်မှာ စတင်ခဲ့ပါတယ်။ 

လွတ်လပ်ပြီး ၂ နှစ်အကြာ ၁၉၅၀ မှာ တရုတ်ကွန်မြူနစ်ပါတီက တိုက်ထုတ်လိုက်တဲ့ ကူမင်တန်(တရုတ်ဖြူ) တွေ မြန်မာပြည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယန်းထဲကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီကူမင်တန်တွေဟာ တရုတ်ကွန်မြူနစ်ပါတီကို ပြန်လည်တိုက်ထုတ်ဖို့ မြန်မာ့မြေထဲမှာ အင်အား စုစည်းနေခဲ့ကြပါတယ်။ ကူမင်တန်တွေကို အမေရိကန် စီအိုင်အေ က လက်နက်တွေ ထောက်ပံ့ခဲ့ပါတယ်။ လိုအပ်တဲ့ အဲဒီလက်နက်တွေနဲ့ စားနပ်ရိက္ခာတွေကိုတော့ ထိုင်းနိုင်ငံ၊ ဇင်းမယ်ကနေ တဆင့် ကူမင်တန်တွေဆီကို ပို့ပေးခဲ့ပါတယ်။ အမေရိကန် B 29 လေယာဉ်တွေဟာ လက်နက်နဲ့ ရိက္ခာတင်ဆောင်ပြီး ထိုင်းလေယာဉ်ကွင်းတွေမှာဆင်းသက်ပါတယ်။ အဲဒီနောက် ကားတွေနဲ့ မိုင်းဆတ်ကို ပို့ပေးခဲ့ပါတယ်။ ဒီကိစ္စအတွက် မြန်မာက ကုလသမဂ္ဂကို တိုင်ကြားပေမဲ့ မရလို့ ကိုယ်တိုင်ပဲ တိုက်ထုတ်ခဲ့ရပါတယ်။ ဒါကတော့ တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုမှာ ထိုင်းတွေရဲ့ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ 

ထိုင်းမြန်မာ နောက်ဆုံးဖြစ်ခဲ့တဲ့ စစ်ပွဲကတော့ ၂၀၀၁ ခုနှစ်က ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှာရှိတဲ့ အို(O-7) တောင်ကုန်းနဲ့ပတ်သက်ပြီး ပိုင်နက်အငြင်းပွားရာကနေ စစ်ပွဲဖြစ်ခဲ့တာပါ။ အို(O-7)တောင်ကုန်းဆိုတာက ကူမင်တန်ကျူးကျော်မှုမှာ မြန်မာတွေက အဲဒီတောင်ကုန်းကို (Object-7) အဖြစ် သတ်မှတ်ခဲ့တာပါ။ ၂၀၀၁ ခုနှစ်မှာ အဲဒီတောင်ကုန်းပေါ် တပ်စွဲထားတဲ့ မြန်မာတပ်သားတွေကို ထိုင်းတပ်ကရောက်လာပြီး ဖယ်ခိုင်းရာက ပိုင်နက်အငြင်းပွားပြီး နောက်ပိုင်းမှာ လက်နက်ကြီးတွေ၊ သံချပ်ကာတွေပါဝင်တိုက်ခိုက်ကြတဲ့အထိ ဖြစ်ခဲ့တဲ့စစ်ပွဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထိုင်း-မြန်မာစစ်ပွဲရယ်လို့ မရှိတော့ပါဘူး။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ တန်းတူညီမျှခွင့်နဲ့ လွတ်လပ်ခွင့်အတွက်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်ဘက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ခိုအောင်းပြီး စခန်းချနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသဟာ မူးယစ်ဆေးဝါးအကြီးအကျယ်ထုတ်လုပ်ရာဒေသ ဖြစ်လာခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတွေကြုံလာခဲ့တဲ့အခါတိုင်း မြန်မာနိုင်ငံရေးသမားတွေဟာ ထိုင်းနိုင်ငံဘက်ဆီ သွားရောက်ခိုလှုံရတဲ့ သမိုင်းလည်းရှိပါတယ်။ ၁၉၆၂  ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာ့ပထမဆုံးဝန်ကြီးချုပ် ဦးနု၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်နဲ့ ဗိုလ်လင်္ကျာတို့ဟာ ထိုင်းနိုင်ငံမှာပဲ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ရပါတယ်။ ဒီလိုပဲ သတင်းစာဆရာတွေလည်း ထိုင်းနိုင်ငံမှာ ပြည်ပြေးအဖြစ် နေထိုင်ခဲ့ကြရတာ အခုထိပါ။ 

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံအနေနဲ့ လုံခြုံရေးစိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ မြန်မာ့တိုက်လေယာဉ်တွေအနေနဲ့ ပြည်တွင်းစစ်မှာ ထိုင်းဘက်ကို နယ်ကျွံမှုတွေဖြစ်ခဲ့တာကြောင့်ပါ။ ဒီအတွက်လည်း မြန်မာဘက်က တောင်းပန်ခဲ့ရပါတယ်။ 

စီးပွားရေး

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးစာချုပ်ကို ၁၉၉၆ မတ်လ ၁၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုလည်း မြန်မာဘက်ကရော ထိုင်းဘက်ကပါ ဖွင့်လှစ်ထားရှိခဲ့ပါတယ်။ 

အဲဒီစခန်းတွေကတော့ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်း၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်ပါတယ်။ အဲဒီနယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ အပြန်အလှန်ကုန်သွယ်ကြတာဖြစ်ပါတယ်။ 

မြန်မာဘက်ကနေ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကျောက်မျက် ဒီလိုကုန်စည်တွေ တင်ပို့နေပြီး ထိုင်းဘက်ကနေ စက်မှုကုန်ကြမ်း၊ ဆေးဝါး၊ ပလတ်စတစ်၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်နဲ့ ဆက်စပ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ တင်သွင်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာဘက်ကနေ ထိုင်းဘက်ကို သဘာဝဓာတ်ငွေ့တွေ အကြီးအကျယ်တင်ပို့နေပါသေးတယ်။ 

နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီပါတယ်။ 

လက်ရှိမှာတော့ မြန်မာ့ပြည်တွင်းပဋိပက္ခဟာ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လုံခြုံမှုကို ခြိမ်းခြောက်နေပါတယ်။ ၂၀၂၃ မှာ ထိုင်းနိုင်ငံရဲ့ ဓာတ်ငွေ့တင်သွင်းမှု ၁၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ရရှိနေတာပါ။ ဒီလိုပဲ ထိုင်းနိုင်ငံဟာ မြန်မာလျှပ်စစ် ၁၅ ရာခိုင်နှုန်းကို သုံးစွဲနေရတာပါ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေရင် မြန်မာ့စွမ်းအင်ကို အမြတ်ထုတ်နိုင်တဲ့ အခွင့်အရေးကို ထိုင်းနိုင်ငံက ဆုံးရှုံးဖို့ ရှိနေပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက ဈေးပေါတဲ့ လုပ်အားကို ရရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကနေ စွမ်းအင်အရင်းအမြစ်တွေလည်း ရရှိနေပါတယ်။ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံကနေ အနောက်နိုင်ငံရဲ့ လုပ်ငန်းတွေ ထွက်ခွာကုန်တာကြောင့် အဲဒီနေရာကို အစားဝင်လုပ်ကိုင်ကြဖို့ ထိုင်းအစိုးရအနေနဲ့ တိုက်တွန်းနေပါတယ်။ 

ဒီလိုနဲ့ ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ တတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်လာပါတယ်။ ၂၀၂၄ ခုနှစ်မှာ ထိုင်း PTT ဟာ မြန်မာနိုင်ငံထဲက ရတနာဓာတ်ငွေ့စီမံကိန်းမှာ အကြီးမားဆုံး ရှယ်ယာရှင်ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တခြားသော လုပ်ငန်းတွေမှာလည်း ထိုင်းနိုင်ငံက ဖက်စပ်အနေနဲ့ပါဝင်ပါတယ်။ မြန်မာနိုင်ငံက သီလဝါအထူးစီးပွားရေးဇုန်တွေမှာလည်း ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက တိုးမြှင့်လာနေပါတယ်။ 

သံတမန်အရေး

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပေါ်လာတဲ့အခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နဲ့ အပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံကတော့ သံတမန်အရေးမှာ SAC နဲ့ တရားဝင်ဆက်ဆံမှုတွေ ပြုလုပ်ထားပါတယ်။

တစ်ဖက်ကလည်း အာဆီယံလမ်းကြောင်းကနေ မြန်မာ့အရေး အာဆီယံမှု ငါးချက်ကို ထောက်ခံပြီး မြန်မာ့ပဋိပက္ခကို ဖြေရှင်းဖို့ တိုက်တွန်းနေပါတယ်။ ဒီလိုပဲ ထိုင်းဟာ မြန်မာအိမ်နီးချင်းဖြစ်သလို အရင်ခေတ်အဆက်ဆက်က မြန်မာနိုင်ငံက အာဏာသိမ်းအစိုးရတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူးတဲ့ သာဓကရှိတာကြောင့် ဒီနေ့အချိန်မှာလည်း အဲဒီအရှိန်အဟုန်အတိုင်း ဆက်လက်တည်တံ့အောင် ကြိုးပမ်းနေပါတယ်။ 

အလုပ်သမားရေး

၁၉၈၈ ကနေ ၂၀၁၀ အထိ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကာလကို ဖြတ်သန်းခဲ့ရတာကြောင့် ပဋိပက္ခနဲ့ တိုက်ပွဲတွေလည်း ဖြစ်နေခဲ့ပါတယ်။  မြန်မာနိုင်ငံကနေ စစ်ကြောင့်ထွက်ပြေးတိမ်း ရှောင်ရသူတွေဟာ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရပါတယ်။ မြန်မာနိုင်ငံမှာ စစ်ဖြစ်ရင် ထိုင်းနိုင်ငံမှာ ဒုက္ခသည်ဦးရေ တိုးပွားလာသလို ဒုက္ခသည် စခန်းတွေလည်း တိုးပွားလာပါတယ်။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာအကူအညီတွေကို လက်ခံရယူပြီး ဒုက္ခသည်စခန်းတွေအတွက် NGO တွေနဲ့ပေါင်းပြီး စားဝတ်နေရေး ဖြည့်ဆည်းပေးမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ 

စစ်အုပ်ချုပ်ရေးကာလတွေအတွင်း မြန်မာနိုင်ငံဟာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခဲ့ပါတယ်။

အလုပ်အကိုင်အတွက် ပြည်တွင်းက အလုပ်သမားတွေဟာ ထိုင်းနိုင်ငံကိုပဲ ပြောင်းရွေ့လုပ်ကိုင်ကြရတာ အရေအတွက်အားဖြင့် သန်းနဲ့ချီရှိနေပါတယ်။ 

၂၀၂၁ အာဏာသိမ်းမှုအပြီးမှာလည်း ထိုင်းနိုင်ငံမှာပဲ မြန်မာတွေ အခြေချနေထိုင်လာကြသူတွေ အများအပြားရှိလာသလို အလုပ်အကိုင်အတွက် သွားရောက်လုပ်ကိုင်ကြ သူတွေလည်း သန်းနဲ့ချီရှိနေပါပြီ။ ပြည်တွင်းက မီဒီယာတွေ၊ NGO တွေလည်း ထိုင်းနိုင်ငံမှာပဲ အခုထိ အခြေစိုက်နေကြဆဲဖြစ်ပါတယ်။ 

နိဂုံးချုပ်

အနှစ်ချုပ်အားဖြင့် ထိုင်း-မြန်မာ ဆက်ဆံရေးဟာ ရှည်လျားတဲ့ သမိုင်းကြောင်းပေါ်ကို အခြေခံခဲ့ပါတယ်။ ပဒေသရာဇ်ခေတ်မှာ မြန်မာတွေဟာ ထိုင်းနိုင်ငံ ဇင်းမယ်နဲ့ အယုဒ္ဒယမြို့တွေကို ကြိမ်ဖန်များစွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်ပဋိပက္ခနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေကနေ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကနေ အကျိုးအမြတ် များစွာ ရရှိနေခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်းကောင်း မပီသဘူးလို့ပြောရမှာထက် ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းစည်းလုံးညီညွတ်မှုမရှိတာ၊ ပြည်တွင်းစစ်ဖြစ်နေတာနဲ့ အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့်လို့ပဲ မှတ်ယူရမှာ ဖြစ်ပါတော့တယ်။ 

ဟန်သစ်အိမ်(Y3A)

Read More:

မြန်မာ့သယံဇာတ အခွင့်အလမ်းအလားအလာနှင့် စိန်ခေါ်မှု
မြန်မာနိုင်ငံ၏ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့် သစ်တောသယံဇာတများ၏ လက်ရှိအခြေအနေ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အနာဂတ်အလားအလာများကို ဆန်းစစ်လေ့လာထားသည်။
မြန်မာ့ယဉ်ကျေးမှု - ရှေးဟောင်းအမွေအနှစ်များမှ ယနေ့ခေတ်အထိ
ပုဂံခေတ်မှစ၍ ယနေ့ထိတိုင် တည်တံ့နေသော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာလက်မှုပညာများနှင့် ပွဲတော်များအကြောင်း စုံလင်စွာ တင်ပြထားသည်။

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!