နိဒါန်း
တချိန်တုန်းက စီးပွားရေးအလားအလာကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့၊ အရှေ့တောင်အာရှထဲက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို စိတ်ဝင်စားရင် ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးနေရင် ဒီအချက်အလက်တွေက သင့်အတွက်ပါ။ မြန်မာ့စီးပွားရေးကို ဗြိတိသျှသိမ်းပိုက်ထားတဲ့ ကိုလိုနီနိုင်ငံအဖြစ်ကနေ စတင်လေ့လာလို့ရပါပြီ။
ကိုလိုနီခေတ် (၁၈၈၆-၁၉၄၈)
မြန်မာနိုင်ငံဟာ တချိန်တုန်းက အင်္ဂလိပ်ကိုလိုနီနယ်မြေဖြစ်ခဲ့ပါတယ်။ ၁၈၈၆ မှာ အင်္ဂလိပ်လက်အောက် ကျရောက်ပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါတယ်။ ဆန်စပါး၊ ကျောက်မျက်၊ သစ်တော၊ ရေနံ ဒီလိုလုပ်ငန်းတွေကို အင်္ဂလိပ်ကုမ္ပဏီကြီးတွေကပဲ ချုပ်ကိုင်ခဲ့ပါတယ်။ ကိုလိုနီခေတ် မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ခဲ့သူတွေက စတီးဘရားသား၊ ဘီအိုစီ၊ အရှေ့အိန္ဒိယနဲ့ ဧရာဝတီဖလော်တီလာ တို့လို ဗြိတိသျှအရင်းရှင် ကုမ္ပဏီကြီးတွေဖြစ်ပြီး ဒီလိုကုမ္ပဏီတွေရဲ့လက်အောက်မှာတော့ တရုတ်၊ အိန္ဒိယတိုင်းရင်းသားတွေက ဒုတိယတန်းစား စီးပွားရေးလုပ်ငန်းတွေကို ထူထောင်နိုင်ခဲ့ပါတယ်။ ဌာနေတိုင်းရင်းသားဖြစ်တဲ့ မြန်မာလူမျိုးတွေကတော့ မယ်မယ်ရရစီးပွားရေးလုပ်ငန်းဆိုပြီး မရှိခဲ့ပါဘူး။
ကိုလိုနီခေတ် ဖွံ့ဖြိုးတိုးတက်မှုများ
တစ်ဖက်မှာလည်း ကိုလိုနီအုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့အတွက် အင်္ဂလိပ်က နိုင်ငံအတွင်းမှာ အခြေခံအဆောက်အဦးတွေကို တည်ဆောက်ပေးခဲ့လို့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ ဒေသတွင်းနိုင်ငံတွေကတောင် အားကျခဲ့ရတဲ့ သမိုင်းရှိပါတယ်။ ကမ္ဘာမှာ စူးအက်တူးမြောင်းဖွင့်လှစ်ခဲ့ပြီးတဲ့နောက်ပိုင်း အင်္ဂလိပ်ကိုလိုနီ လက်အောက်ခံ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။
လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၂)
၁၉၄၈ မှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ဆီက လွတ်လပ်ရေးခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ၃ လအကြာမှာပဲ ပြည်တွင်းစစ်ဖြစ်ခဲ့တာကြောင့် ကောင်းမွန်တဲ့ စီးပွားရေးစနစ်တစ်ခုကို အစမပျိုးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာ့စီးပွားရေးဟာ အလားအလာကောင်းတွေရှိနေခဲ့သလို အရှေ့တောင်အာရှမှာ အဆင့်တစ်ခုရှိခဲ့ပါတယ်။
ဆိုရှယ်လစ်ခေတ် (၁၉၆၂-၁၉၈၈)
၁၉၆၂ ရောက်တဲ့အခါ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက် ၁၉၆၃ မှာ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘဏ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနဲ့ တခြားသော ပုဂ္ဂလိကပိုင်လုပ်ငန်းတွေဟာ ပြည်သူပိုင်လုပ်ငန်း ဖြစ်လာပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ နိုင်ငံအတွင်းက ပြည်ပလုပ်ငန်းရှင်တွေကို နှင်ထုတ်ခဲ့ပါတယ်။ အဲဒီလို ပြည်သူပိုင်သိမ်းပြီး နှင်ထုတ်လိုက်တဲ့ လုပ်ငန်းတွေထဲမှာ နိုင်ငံခြားဘဏ်လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ ပြီးတော့ ဆိုရှယ်လစ်စီးပွားရေး အခြေခံပြီး ဗဟိုစီမံကိန်းချစီးပွားရေး စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ပြည်ပလုပ်ငန်းတွေကို နိုင်ငံအတွင်းက နှင်ထုတ်ခဲ့သလိုပဲ ပြည်ပသွင်းကုန်တွေကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။ ပို့ကုန်ဦးစားပေးစီးပွားရေးမိုဒယ်လ်ကို ကျင့်သုံးဖို့ စီးပွားရေးပညာရှင်တွေက အကြံပေးပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီလိုနည်းနဲ့ပဲ မြန်မာနိုင်ငံဟာ တံခါးပိတ်စီးပွားရေး ဝါဒကို ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်လာပါတယ်။ သွင်းကုန်ပိတ်လိုက်တာကြောင့် ပြည်တွင်းမှာ မှောင်ခိုစီးပွားရေးက ကြီးထွားလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း စိုက်ပျိုးရေးနဲ့ ပြည်တွင်းကုန်ထုတ်လုပ်ငန်းကို အားပေးခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက ဈေးကွက်ကို ချုပ်ကိုင်တဲ့ လွဲမှားတဲ့မူဝါဒတွေ၊ ဝန်ကြီးဌာနတွေရဲ့ ခြစားမှုတွေကြောင့် မြန်မာ့စီးပွားရေးက မျှော်မှန်းသလောက် အရာမထင်ခဲ့ပါဘူး။ ဒီလိုနဲ့ နိုင်ငံဟာ ၁၉၈၇ မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်း (Least Development Countries-LDC) ဝင် နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။
အသွင်ကူးပြောင်းရေးကာလ (၁၉၈၈-၂၀၁၀)
၁၉၈၈ နောက်ပိုင်းမှာတော့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို ပြန်လည်အားပေးစပြုလာပါတယ်။ အဲဒီ ၁၉၈၈ ခုနှစ်ကနေ ၂၀၂၀ နိုင်ငံရေးအပြောင်းအလဲကာလမတိုင်မီအထိ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံကပဲ အများဆုံးရင်းနှီး မြှုပ်နှံထားတာဖြစ်ပါတယ်။ အဲဒီကာလအတွင်း ရင်းနှီးမြှုပ်နှံမှုအများစုဟာ ပွင့်လင်းမြင်သာမှုအားနည်းပြီး၊ တာဝန်ယူမှု၊ တာဝန်ခံမှုအားနည်းတဲ့ လုပ်ငန်းတွေဖြစ်ခဲ့ပါတယ်။ ၁၉၉၇ မှာတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ဒေသတွင်းနိုင်ငံတွေကိုပဲအားထားကာ ကုန်သွယ်မှု လုပ်ခဲ့ရပါတယ်။ အဲဒီကာလတွေအတွင်း အမေရိကန်နဲ့ ဥရောပရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်တွေကိုလည်း မြန်မာနိုင်ငံဟာ ခံစားခဲ့ရပါတယ်။
ပြုပြင်ပြောင်းလဲရေးခေတ် (၂၀၁၀-၂၀၂၁)
၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ထွန်းပေါ်ပေါက် လာခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကြောင့် သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်းအစိုးရ ပေါ်ပေါက်လာခဲ့ပါတယ်။ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ဂျပန်နိုင်ငံနဲ့ ပဲရစ်ကလပ် (Paris Club) အဖွဲ့ဝင် မြီရှင်နိုင်ငံတွေကလည်း အကြွေးတွေကို လျော်ပေးကြပါတယ်။ နိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ဆီ ဦးတည်ခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများအပြား ပြန်လည် ဝင်ရောက်လာပါတယ်။ တယ်လီနော၊ အော်ရီဒူး တို့လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အတူ တင်ဒါယှဉ်ပြိုင်ပြီး ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရလာပါတယ်။
နိုင်ငံရေးအပြောင်းအလဲကြောင့် အမေရိကန်နဲ့ ဥရောပကလည်း ကန့်သတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျော့ပေးခဲ့ပါတယ်။ ပြီးတော့ မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေ အပေါ် ချမှတ်ထားတဲ့ တစ်ဦးချင်းအပေါ်စီးပွားရေးပိတ်ဆို့မှု တချို့ကိုလည်း ဖြေလျော့ပေးခဲ့ပါတယ်။
ဒီကာလအတွင်း အစိုးရတွေဟာ စီးပွားရေးဆိုင်ရာ ဥပဒေတွေကိုလည်း ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၂ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတို့လို ဥပဒေတွေကို ပြဌာန်းနိုင်ခဲ့ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးစာချုပ်တွေကိုလည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရ (၂၀၁၅-၂၀၂၀)
ငြိမ်းချမ်းရေးနိုဘယ်ဆိုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် (၂၀၁၅-၂၀၂၀) ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်လာချိန်မှာလည်း မြန်မာနိုင်ငံဟာ ကပ်ရောဂါကို အကောင်းဆုံးတုံ့ပြန်နိုင်တဲ့ နိုင်ငံအဖြစ် အသိအမှတ်ပြုခံရပါတယ်။
၂၀၁၀ ကနေ ၂၀၂၁ နှစ်စပိုင်းအထိ မြန်မာ့စီးပွားရေးဟာ အပြုသဘောဆောင်တိုးတက်မှုတွေ ပြသနိုင်ခဲ့ပါတယ်။ ဂျီဒီပီတွေ တိုးတက်ခဲ့သလို ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ငွေကြေးလုပ်ငန်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ဒီလိုကဏ္ဍတွေဟာ တဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ စီးပွားရေးလုပ်ကိုင်ရလွယ်ကူတဲ့ ပတ်ဝန်းကျင်ကောင်းရှိမရှိ တိုင်းတာသတ်မှတ်တဲ့ Ease of Doning Business မှာလည်း မြန်မာနိုင်ငံဟာအလားအလာကောင်းတဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးထဲမှာတင် သီလဝါအထူးစီးပွားရေးဇုန်ကိုလည်း တည်ထောင်နိုင်ခဲ့သလို ရန်ကုန်စတော့အိတ်ချိန်းကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မီဂါပရောဂျက်ဖြစ်တဲ့ Belt and Road Initiative ရဲ့ အစိတ်အပိုင်းလည်း ဖြစ်လာခဲ့ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းအတွက်လည်း အစီအမံတွေ ချမှတ်နိုင်ခဲ့ပါတယ်။ ထင်ရှားတဲ့တိုးတက်မှုကတော့ ဆက်သွယ်ရေးကဏ္ဍဖြစ်ပြီး လူတိုင်းနီးပါး မိုဘိုင်းလ်ဖုန်းတွေကိုင်လာနိုင်သလို အင်တာနက်တွေလည်း အလွယ်တကူရရှိလာခဲ့ကြပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကပဲ ဆက်လက်အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ဘဏ်တွေဟာ ဖောက်သည်တွေရဲ့ အပ်ငွေကို ပြန်လည်မထုတ်ပေးနိုင်တဲ့အထိ အခြေအနေဆိုးရွားသွားပါတယ်။ ဘဏ်လုပ်ငန်းတွေအပေါ်ထားရှိတဲ့ လူတွေရဲ့ ယုံကြည်မှုဟာ ဇောက်ထိုးကျဆင်းသွားပါတယ်။ မိုဘိုင်းလ်ငွေကြေးလုပ်ငန်းတွေလည်း ဆုတ်ယုတ်ကုန်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး (၂၀၂၁-ပစ္စုပ္ပန်)
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့စီးပွားရေးဟာ ၂၀၁၀ မတိုင်မီအခြေအနေကို ပြန်လည် ရောက်ရှိသွားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပြန်လည်ထွက်ကုန်ပါတယ်။ အခုဆို တယ်လီနောတို့လို ဆက်သွယ်ရေးကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံထဲမှာ မရှိတော့ပါဘူး။ တယ်လီနော၊ တိုယိုတာ၊ ကီရင်ဘီယာလုပ်ငန်း၊ နာမည်ကျော် Adani ဆိပ်ကမ်းလုပ်ငန်း၊ ရေနံကုမ္ပဏီတွေဖြစ်တဲ့ Total ၊ Chevron ၊ တို့လို ပြည်ပရင်းနှီး မြှုပ်နှံမှုကုမ္ပဏီတွေလည်း မြန်မာနိုင်ငံထဲက ထွက်ကုန်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံကတော့ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ ကုန်သွယ်မှုတွေကလည်း ကျဆင်းနေပါတယ်။
တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီး မြန်မာ့စီးပွားရေးကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး အခြေခံစီးပွားရေးစနစ်ကို တည်ဆောက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးရေးဦးစားပေးနိုင်ငံဖြစ်ပေမဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ခေတ်မှီစက်ပျိုးရေးနည်းစနစ်တွေ၊ စိုက်ပျိုးရေးကိရိယာတွေကို မသုံးနိုင်သေးပါဘူး။ မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ လယ်ယာလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမဲ့ မြန်မာနိုင်ငံကနေ အဓိကပို့ကုန်ကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြစ်ပါတယ်။ အဲဒီကနေ နှစ်စဉ် ပျမ်းမျှ ၄ ဘီလီယံလောက် နိုင်ငံခြားဝင်ငွေ ရရှိနေတာပါ။ မြန်မာနိုင်ငံက ပြည်ပထွက်ကုန်တွေထဲမှာတော့ ဆန်၊ ပဲမျိုးစုံနဲ့ သားငါး တို့က အဓိကဖြစ်ပါတယ်။ အဲဒီပို့ကုန်တွေကနေ နိုင်ငံခြားဝင်ငွေ ရှာဖွေကြပါတယ်။
မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်ဟာ ကျပ်ငွေ သုံးတဲ့ ငွေကြေးစနစ်ဖြစ်ပါတယ်။ တစ်ကျပ်မှာ ပြားတစ်ရာရှိတယ်လို့ သတ်မှတ်ပါတယ်။ ဒီနေ့မှာတော့ “ပြား” စနစ်ကို မသုံးစွဲကြတော့ပါဘူး။ မြန်မာနိုင်ငံဟာ ၁၉၅၁၊ ၁၉၆၄၊ ၁၉၈၅ နဲ့ ၁၉၈၇ တို့မှာငွေစက္ကူတွေကို တရားမဝင် ဖျက်သိမ်းခဲ့ဖူးပါတယ်။ မြန်မာငွေကြေးဟာ တစ်ချိန်တုန်း စတာလင်ပေါင်ငွေကြေးနယ်ပယ်ထဲ ဝင်ရောက်ခဲ့တဲ့အထိ တန်ဖိုးမြင့်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာ ကျပ်ငွေတန်ဖိုးဟာ စံချိန်တင်ကျဆင်းနေခဲ့ပါပြီ။
မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးတယ်ဆိုပြီး နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးကို နိုင်ငံပိုင်စီးပွားရေး၊ ပုဂ္ဂလိကပိုင်စီးပွားရေးနဲ့ စစ်တပ်ပိုင်စီးပွားရေးဆိုပြီး အစိတ်အပိုင်း ၃ ခုခွဲပြီး နားလည်နိုင်ပါတယ်။ ကျွန်းသစ်၊ ကျောက်မျက်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လို နိုင်ငံခြားဝင်ငွေ အများအပြားရရှိတဲ့ လုပ်ငန်းတွေကို စစ်တပ်နဲ့နှီးနွယ်တဲ့ ကုမ္ပဏီတွေက အဓိကလုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကအချက်များ
အခုဆို ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အချက်လေးချက်ကို အဓိကထားပြီး စဉ်းစားနေကြပါတယ်။ အဲဒါကတော့ (၁) နိုင်ငံရေးစနစ် တည်ငြိမ်မှုရှိမရှိ (၂) လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲများ ရှိမရှိ (၃) မြန်မာအစိုးရ၏ စီးပွားရေးမူဝါဒနှင့် ဥပဒေစိုးမိုးမှုရှိမရှိ (၄) အလားအလာကောင်းတဲ့ ဈေးကွက်ရှိမရှိ ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ
အဲဒီလို စိန်ခေါ်မှုတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံမှာ အလားအလာကောင်းတွေကလည်း ရှိနေဆဲပါ။ မြန်မာနိုင်ငံမှာ ကျယ်ပြန့်တဲ့ မြေရှိလို့ စိုက်ပျိုးရေးအတွက် အလားအလာကောင်းတွေ ရှိနေပါတယ်။ နောက်တစ်ချက်ကတော့ လူငယ် လုပ်သားအင်အားအများအပြားရှိနေတဲ့အတွက် လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်နိုင်ပါတယ်။ ဒါ့အပြင် နည်းပညာအခြေပြု စွန့်ဦးတီထွင်လုပ်ငန်းတွေကိုလည်း မြန်မာနိုင်ငံက ကြိုဆိုနေပါတယ်။ အခြေခံအဆောက်အဦး လိုအပ်ချက်ရှိတဲ့အတွက် အခြေခံအဆောက်အဦးတည်ဆောက်ရေး လုပ်ငန်းတွေကလည်း ရင်းနှီးမြှုပ်နှံသူတွေ ထည့်သွင်းစဉ်းစားစရာဖြစ်ပါတယ်။ ဒါ့အပြင် Logisitics လုပ်ငန်းတွေကလည်း မြန်မာလို နိုင်ငံအတွက် စဉ်းစားသင့်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မြို့ပြနေပြည်သူအများ အပြားအတွက်လည်း အိမ်ရာလိုအပ်ချက်တွေရှိနေဆဲဖြစ်လို့ အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက်လည်း အခွင့်အလမ်းကောင်းတွေ ဖြစ်လာနိုင်ပါတယ်။
တစ်ချိန်က အရှေ့တောင်အာရှမှာ အထင်ကရဖြစ်ခဲ့တဲ့ ဒီနိုင်ငံကတော့ အားနည်းချက်တွေရှိနေလင့်ကစား ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို မျှော်လင့်နေဆဲဖြစ်ပါတယ်။
ဟန်သစ်အိမ် (Y3A)
Read More:
Build Myanmar - MediaY3A
Build Myanmar - MediaY3A
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media