၂၀၂၁ နောက်ပိုင်း နှစ်တွေမှာ မြန်မာပြည်ရဲ့စီးပွားရေးပုံစံက ပြောင်းသွားတယ်လို့ ပြောရမယ်။ ဘာတွေဘယ်လိုပြောင်းသွားလဲဆိုရင် အရင်က ပုံစံတကျမဟုတ်တောင် သူ့နည်းနဲ့သူ လည်ပတ်နေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကြီးနေရာမှာ စီးပွားရေးပုံစံတစ်မျိုးက အစားဝင်လာတာကို တွေ့နေရပါတယ်။
အဲဒါက အရာရာကို အစိုးရက ချုပ်ကိုင်ချင်တဲ့၊ ဗဟိုချုပ်ကိုင်မှုများတဲ့၊ အမိန့်ပေးစွက်ဖက်တဲ့ စီးပွားရေးပုံစံပါ။
အဲဒါကို မျက်စိထဲပေါ်လွင်၊ နားထဲစွဲအောင်ပြောရရင် အမိန့်ပေးစီးပွားရေးစနစ်လို့ပဲ ပြောကြပါစို့။
အဲဒီအမိန့်ပေးစီးပွားရေးပုံစံကြီးက ဘယ်ကနေ ဘယ်လိုစလဲဆိုရင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုက စတယ်။ ဒါဖြင့် ကုန်ဈေးနှုန်းကြီးတာကရော ဘယ်ကစလဲ။ ဒါတော့ နိုင်ငံရေးအခြေအနေမကောင်းတာ၊ တည်ငြိမ်မှုကင်းမဲ့တာကနေ စတယ်လို့ပဲပြောရမယ် ။
ဒီတော့ နိုင်ငံရေးကို ခဏထားပြီး အမိန့်ပေးစီးပွားရေးဆိုတာကိုပဲ ကြည့်လိုက်ရအောင်ပါ။
၂၀၂၁ နောက်ပိုင်းမှာ အထွေထွေကုန်ဈေးနှုန်းက အတော်ကို တက်လာပါတယ်။ ဥပမာ ပြောပြပါမယ်။ ၂၀၂၁ မတိုင်ခင်က ၅၀,၀၀၀ တန် ဆန်အိတ်က အခုတော့ ၁၆၀,၀၀၀ ဖြစ်နေပါပြီ။ အရင်က ဆီတစ်ပိဿ ၂၀၀၀ က အခုဆို အကန့်အသတ်နဲ့ရောင်းပေးတာကို စီတန်းပြီး ဝယ်ရင်တောင် တစ်ပိဿ ၅၅၀၀ ၊ အပြင်မှာ ဈေးကွက်ပေါက်ဈေးကကျ ၁၂,၀၀၀ ဖြစ်ပါတယ်။ ဒီလိုပဲ တခြားဈေးတွေလည်း တက်ကုန်ပါတယ်။ ဒါ့အပြင် ရွှေနဲ့ ဒေါ်လာ ဘယ်လောက် ဈေးတက်လဲဆိုတာကိုလည်း ပုံနဲ့ပြထားပါတယ်။
ပုံကိုကြည့်လိုက်ရင် ဆန်က ၃ ဆကျော်၊ ဆီက ၆ ကျော် ဈေးတက်သွားတာကို တွေ့ရမှာပါ။ ဒီလိုပဲ ရွှေက ၄ ဆနဲ့ ဒေါ်လာကတော့ ၃ ဆနီးပါး ဈေးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတက်တဲ့အပြင် နောက်တစ်ချက်ကတော့ ဒေါ်လာလိုအပ်ချက် ကြီးမြင့်လာတာပါ။ ဘယ်လောက်တောင် ဒေါ်လာလိုအပ်ချက်ကြီးမြင့်လဲဆိုရင် ၂၀၂၂ ခုနှစ်မှာ လျှပ်စစ်အတွက် သဘာဝဓာတ်ငွေ့ အရည် (LNG) ဝယ်ဖို့ ဒေါ်လာမရှိလို့တောင် လျှပ်စစ်မီးတွေ ဆိုးဆိုးရွားရွားပြတ်တောက်ခဲ့ရဖူးပါတယ်။
အဲဒီလိုဒေါ်လာလိုအပ်ချက် ကြီးမြင့်လာတာရယ်၊ ကုန်ဈေးနှုန်းတွေ တက်လာတာရယ်ကြောင့် အမိန့်ပေးစီးပွားဆိုတာကြီးက အသက်ဝင်လာပါလေရော။
ပထမဆုံးဖြစ်လာတာကတော့ သွင်းကုန်တချို့ကို အမိန့်နဲ့ ပိတ်ဆို့လိုက်တာပါ။ သွင်းကုန်တွေဟာ ဒေါ်လာတွေထွက်တယ်ဆိုပြီး ပိတ်လိုက်တဲ့အခါ တစ်ပတ်လည်ပြီး ဒေါ်လာနဲ့တင်သွင်းရတဲ့သွင်းကုန်ဈေးတွေက ပိုမြင့်တက်လာပါတယ်။
နောက်တစ်ခါ ပြည်တွင်းမှာ စီးပွားရေးမငြိမ်၊ လူတွေကလည်း တခြားမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်မချကြတဲ့အခါ စိတ်ချရတဲ့ ရွှေဈေးကွက်နဲ့ မြေဈေးကွက်ကို ဝင်တိုးကြပါတယ်။ အဲဒီအခါ အိမ်ဈေး၊ ရွှေဈေးတွေ တက်ပါတယ်။
ရွှေဈေးတက်တော့ ရွှေဘုံသာက လေပတ်ကားတွေနဲ့ ရွှေကုန်သည်တွေကို ဖမ်းဟယ်ဆီးဟယ် လုပ်ပါတယ်။ ဒီနေရာမှာ ရွှေကုန်သည်တွေ ဈေးကစားတာ အရင်ကတည်းက ရှိခဲ့တာဖြစ်ပြီး အခုလို နိုင်ငံရေးမကောင်းတဲ့ အချိန်ကျတော့ သူတို့ရဲ့ လောဘက ပိုကြီးမားလာတာဖြစ်ပါတယ်။ ၂၀၂၁ နောက်ပိုင်း ရွှေကုန်သည်တွေကို အနည်းဆုံး ၃ ကြိမ်လောက် ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။ ၂၀၂၄ ရောက်တဲ့အခါ နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်တွေကိုပါ ဖမ်းဝရမ်းထုတ်တဲ့အထိဖြစ်လာပြီး ရွှေဈေးကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်တဲ့ ဈေးအတိုင်း ရောင်းဖို့ဆိုပြီး ဖြစ်လာပါတယ်။
ဒါ့ကြောင့် ရွှေဈေးကွက်မှာတော့ အမိန့်ပေးစီးပွားရေးက အသက်ဝင်လာပြီး အခုဆို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း (YGEA) က သတ်မှတ်တဲ့ဈေးအတိုင်းပဲ ဆိုင်တွေက ရောင်းနေကြပါပြီ။ ဒါပေမဲ့လည်း အကယ်ဒမီ ၁၆ ပဲရည် ရွှေကိုလိုချင်ရင်တော့ YGEA သတ်မှတ်ဈေးနဲ့ ဝယ်လို့မရဘူး။ ဈေးကွက်မှာ တိုးတိုးတိတ်တိတ်ပေါက်ဈေးက ၅၄ သိန်းကျော်ရှိနေပြီး YGEA ဈေးက ၄၇ သိန်းကျော်ပဲ ရှိနေလို့ပါ။
နောက်တစ်ခုကတော့ စက်သုံးဆီဖြစ်ပါတယ်။ အဲဒီမှာလည်း အချက်အလက်တွေနဲ့ ပြောနေရင် ရှုပ်ကုန်မှာစိုးလို့ သဘောတရားကိုပဲပြောရရင် စက်သုံးဆီဈေး ပြည်တွင်းမှာ တက်လာတဲ့အခါ လုပ်ငန်းရှင်တွေ အကြောင်း ပြတာက ဒေါ်လာဈေးကြီးလို့တက်ရတာပါပေါ့။ ဒီလိုနဲ့ ဈေးကျဖို့ဆိုပြီး ဗဟိုဘဏ်က စက်သုံးဆီ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်ပေါက်ဈေးနဲ့ ဒေါ်လာရောင်းပေးပါတယ်။ ဗဟိုဘဏ်ပေါက်ဈေးနဲ့ ပြင်ပပေါက်ဈေးက အတော်ကွာပါတယ်။ အဲဒီလို ဒေါ်လာရောင်းပေးပေမဲ့ စက်သုံးဆီဈေးက မကျပါဘူး။ ဘာလို့မကျလဲဆို ဒေါ်လာရောင်းပေးနိုင်တာက ဈေးကွက်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်လို့ပါ။ ဒီလိုနဲ့ လုပ်ငန်းရှင်တွေကို အမိန့်နဲ့ပဲ စစ်ဆေးတာတွေ ဖြစ်လာရပြန်ပါတယ်။
အမိန့်ပေးစီးပွားအသက်ဝင်လာတဲ့ နောက်ဆုံးပေါ် ကုန်စည်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ဆန်ပါ။ ဆန်အကြောင်း မပြောခင် ပြည်တွင်း ဆန်စပါးလောကရဲ့ အထင်ကရ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အကြောင်း အရင်ပြောပြပါမယ်။ ဒီအသင်းရဲ့ အရင်က ဥက္ကဋ္ဌ ဆိုတာ နာမည်ကျော် ဧဒင်ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်ဖြစ်ပါတယ်။ အခုတော့ သူလည်း နရသိန်မှာ စစ်ဆေးခံနေရပါတယ်။ နောက်ပိုင်းမှာတော့ သူက နာယက တာဝန်ယူပြီး ဦးရဲမင်းအောင်က တာဝန်ယူနေပါတယ်။ သူတို့တည်ထောင်ကြတဲ့ MAPCO ဆိုတာ မြန်မာနိုင်ငံမှာ နာမည်ကြီးပါ။ ပြည်ပကို ဆန်တွေတင်ပို့ကြပါတယ်။ ဈေးကွက်ထိုးဖောက်တာ ထူးချွန်ပါတယ်။ နိုင်ငံရေးမကောင်းချိန်လိုမျိုးမှာတောင် ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့နိုင်ပါတယ်။ အစိုးရအဆက်ဆက်နဲ့ သူတို့က ပူးပေါင်းလုပ်နိုင်ပါတယ်။ နိုင်ငံအတွက် ပြည်ပဝင်ငွေရအောင် ရှာနိုင်သူတွေလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဘက်ကာလမှာ အကြောင်းအမျိုးမျိုးနဲ့ ဆန်ဈေးက ကြီးလာပါတယ်။ ကြီးလာတာမှ ၂၀၂၁ တုန်းက ၅၀,၀၀၀ ဝန်းကျင်တန် ဆန်တစ်အိတ်က အခုဆို ၁၆၀,၀၀၀ ဆိုတော့ သုံးဆလောက်အထိ မြင့်တက်လာတာပါ။ ရွှေတွေ၊ အိမ်တွေ ဈေးကြီးရင်သာ မဝယ်ဘဲ နေနိုင်မယ်၊ ဆန်ဈေးကြီးရင်တော့ အတော်ဒုက္ခရောက် ကြတာမလား။ ဒီတော့ သူတို့ကိုလည်း အမိန့်ပေးစီးပွားက အသက်ဝင်လာပါတယ်။ ဇွန်လနောက်ဆုံးပတ်မှာတော့ ရွှေကုန်သည်တွေလိုပဲ ဆန်ကုန်သည်တွေ၊ ဆန်ရောင်းသူတချို့ကို ဖမ်းဆီးပါတယ်။ ဒါ့အပြင် သတ်မှတ်ဈေးထက်ပိုကောင်းလို့ဆိုပြီး စတိုးဆိုင်က လူတွေကိုပါ ဖမ်းဆီးပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ကုန်ခါနီးထုတ်ပြန်တဲ့ အောက်က ထုတ်ပြန်ချက်တွေကိုကြည့်ပါ။
အခုလောက်ဖတ်ပြီးပြီဆို မြန်မာပြည်မှာ အမိန့်ပေးစီးပွား အသက်ဝင်နေပြီလား၊ အသက်မဝင်သေးဘူးလား ဆိုတာကို အနည်းဆုံးတော့ ခန့်မှန်းလို့ ရပါလိမ့်မယ်။
ဒီတော့ မြေပြင်အခြေအနေတွေ သိရပြီဆိုရင် သီအိုရီတွေအကြောင်း နည်းနည်းပြောကြည့်ရအောင်ပါ။ သီအိုရီဆိုတော့ ပျင်းစရာကောင်းပါတယ်။ ဆိုတော့ ခပ်ရိုးရိုးပဲ ပြောရအောင်ပါ။
ဘောဂဗေဒပညာရပ်နယ်ပယ်မှာ အဒမ်စမ်နဲ့ ဂျွန်မေနက်ကိန်းဆိုတာ အတော်ကိုထင်ရှားသူတွေပါ။ ဘယ်လောက်ထင်ရှားလဲဆို အဒမ်စမ်ကို ဘောဂဗေဒဖခင်ကြီးလို့တောင် ခေါ်ကြပါတယ်။ သူက လွတ်လပ်တဲ့ဈေးကွက် (Laissez-Faire) ဆိုတာကို ပြောပါတယ်။
သဘောကတော့ ဈေးကွက်ဟာ လွတ်လပ်ရမယ်။ ရောင်းလိုအား၊ ဝယ်လိုအားရဲ့သဘောအတိုင်း ဈေးကွက်ကို လွှတ်ထားရမယ်။ ရောင်းလိုအား၊ ဝယ်လိုအားရဲ့ မမြင်ရတဲ့လက် (Invisible Hand) က ဈေးကွက်ကို သူ့ဘာသာ ထိန်းကျောင်းသွားလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
အဲဒီနောက်ပိုင်းမှာ ဂျွန်မေနက်ကိန်းကလည်း သီအိုတစ်ခုပြောပါတယ်။ အဲဒါကတော့ Manage Market ထိန်းကျောင်းဈေးကွက်အယူအဆပေါ့။ ဈေးကွက်ကို အစိုးရက ထိန်းကျောင်းရမယ်။ ဘယ်လိုထိန်းကျောင်းမလဲဆိုတော့ လိုအပ်တဲ့နေရာမှာ Rule and Regulation တွေ၊ Policy တွေနဲ့ ထိန်းကျောင်းရမယ်လို့ပြောတာ။
ကမ္ဘာမှာ ၁၉၂၉-၃၀ ဝန်းကျင်မှာ စီးပွားပျက်ကပ်ကြီးဆိုက်တယ်။ အဲဒီနောက်ပိုင်း နိုင်ငံတွေ စီးပွားရေးပြန်ကောင်းဖို့ ဂျွန်မေနက်ကိန်းရဲ့ ဈေးကွက်ကို အစိုးရက လိုအပ်တဲ့အချိန်မှာ ထိန်းကျောင်းပေးရတဲ့ အယူအဆက ရှေ့တန်းရောက်လာတယ်။ တကယ်လည်း အလုပ်ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ ဂျွန်မေနက်ကိန်းရဲ့ ထိန်းကျောင်းဈေးကွက်ဆိုတာ ဒီနေ့မြန်မာနိုင်ငံမှာ အသက်ဝင်နေတဲ့ အမိန့်ပေးစီးပွားနဲ့ မတူတာကိုတော့ သတိပြုရမှာပါ။ ကိန်းကပြောတာက ဈေးကွက်ကို မူဝါဒနဲ့ ထိန်းဖို့ပြောတာပါ။ အမိန့်နဲ့ မဟုတ်ပါဘူး။
ထင်ရှားအောင် ဥပမာတစ်ခု ပြောပြပါရစေ။ ပြည်တွင်းမှာ ကားဈေးတွေ မြင့်လာတယ်ဆိုပါစို့။ ပြည်ပကနေ ကားတင်သွင်းခွင့်မူဝါဒကို အသက်သွင်းလိုက်မယ်။ ကားတွေအပြိုင်အဆိုင်တင်သွင်းလာတဲ့အခါ ကားဈေးကကျမယ်ဆိုတာမျိုးပါ။ ဥပမာအနေနဲ့ ပြောတာဖြစ်ပါတယ်။ တခြားသက်ရောက်မှုတွေကိုလည်း စဉ်းစားဖို့ ရှိတာအမှန်ပါ။ ဒီတော့ ကားတင်သွင်းပြုတာမျိုးက အစိုးရအနေနဲ့ ဈေးကွက်ကို မူဝါဒအရ ထိန်းကျောင်းတာမျိုးပဲ ဖြစ်ပါတယ်။
ကားဈေးတွေမြင့်လာလို့ ကားရောင်းတဲ့လူတွေကို လိုက်ဖမ်းတယ်ဆိုတာ၊ က အဖြေမဟုတ်ဘူးလို့ ပြောချင်တာဖြစ်ပါတယ်။ ဒီလိုပဲ ကုန်ဈေးနှုန်းမြင့်တက်လာလို့ ကုန်သည်တွေကို လိုက်ဖမ်းတာကလည်း အဖြေမဟုတ်ပါဘူး။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အမိန့်ပေးပြီး ကုန်ဈေးနှုန်းချတာ၊ ကုန်သည်တွေကို ဖမ်းပြီး ကုန်ဈေးနှုန်းချတာ၊ လက်ကိုင်လော်စပီကာနဲ့ ဈေးတွေမှာ ကျပ်သား၊ ဝက်သား တစ်ပိဿဘယ်လောက်ဈေးနဲ့ပဲ ရောင်းပါဆိုပြီး လိုက်လံအော်ဟစ်ကြေညာနေတာတွေကလည်း အဖြေမဟုတ်ပါဘူး။
ဒီလောက်ဆို မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ဘယ်ပုံဘယ်လို ဆိုက်ရောက်နေတယ်ဆိုတာရယ်၊ အမိန့်ပေးစီးပွားအသက်ဝင်နေပြီလားဆိုတာရယ် ဒီမေးခွန်းရဲ့ အဖြေကို ရတန်ကောင်းပြီလို့ ထင်ပါတယ်။
ဟန်သစ်အိမ် (Y3A)
ယခုဆောင်းပါးမျိုးဖတ်ရှုရသည်ကို နှစ်သက်သည်ဆိုလျှင် အောက်ပါဆောင်းပါးများကိုလည်း ဖတ်ရှုကြည့်ရန် ကျွန်ုပ်တိုက recommend ပေးပါသည်။
ဆက်စပ်ဖတ်ရှုလိုလျှင် -