အပြောင်းအလဲမုန်တိုင်းဟာ ၂၀၂၁ ခုနှစ်မှာ မဖိတ်ခေါ်ဘဲရောက်လာပြီး အားလုံးကို ခပ်ကြမ်းကြမ်းဝါး မြိုလိုက်ပါတယ်။ ကသောင်းကနင်းလူ့အဖွဲ့အစည်းထဲမှာ နိုင်ငံရေး၊ စီးပွားရေး စတဲ့နယ်ပယ်အားလုံးဟာ လည်ပတ်မှုပုံစံ ပြောင်းကုန်ပါတယ်။
အရင်တုန်းက ပုံမှန်လည်ပတ်နေကျ ပညာရေးကဏ္ဍတောင် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ တိုက်ပွဲတွေကြောင့် ဆိုးဆိုးရွားရွား အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒီတော့ ပညာရေးကဏ္ဍ ပညာသင်ယူမှုပုံစံတွေ ဘယ်လိုဘယ်ပုံပြောင်းလဲသွားပါသလဲ။
မြန်မာနိုင်ငံထဲက ပညာရေးကဏ္ဍဟာ အကြမ်းအားဖြင့် ပုံစံ ၃ မျိုး ပြောင်းလဲသွားတယ်ဆိုရပါမယ်။ ပထမတစ်ခုကတော့ ပညာရေးခရီးတစ်ဝက်တစ်ပျက်မှာ ရပ်သွားတာ၊ နောက်တစ်ခုကတော့ ပြည်တွင်းပြောင်းရွေ့ အခြေချလို့ ပညာရေးပုံစံပြောင်းသွားတာနဲ့ နောက်ဆုံးတစ်ခုကတော့ ပြည်ပ ပညာရေးနယ်ပယ်ဆီ ရွှေ့သွားတာဖြစ်ပါတယ်။
ပုံစံချင်းမတူပေမဲ့လည်း ဒီပုံစံ ၃ မျိုးစလုံးရဲ့ အနာဂတ်ပညာရေးဟာ အဟန့်အတားတွေ၊ ကျော်ဖြတ်ရမဲ့အခက်တွေနဲ့ဝေဝါးနေဆဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို အခုဆောင်းပါးမှာ လေ့လာကြည့်ရအောင်ပါ။
(၁)
ပထမဆုံးကတော့ တိုက်ပွဲတွေဖြစ်၊ မြို့ရွာတွေပျက်ကုန်လို့ ကျောင်းပညာရေး တစ်ပိုင်းတစ်စမှာတင် ရပ်တန့်သွားရတဲ့ လူငယ်တွေအကြောင်းပါ။ သူတို့ဟာ သူတို့မူလနေထိုင်ရာဒေသမှာ အခြေတည်မရလို့ ၊ တရားဥပဒေမစိုးမိုးလို့၊ ရပ်ရွာမတည်ငြိမ်လို့ စတဲ့အကြောင်းမျိုးစုံကြောင့် ကျောင်းပညာရေး ရပ်တန့်သွားရသူတွေဖြစ်ပါတယ်။
“ကိုယ့်မြို့မှာ ဒါမျိုးဖြစ်လာမယ်လို့ ထင်မထားဘူး။ ကျွန်တော့်တသက်မှာ တိုက်ပွဲဆိုတာ မကြုံခဲ့ဖူးဘူး။ အခု အသက် ၄၂ နှစ်အရွယ်မှာ ကြုံလိုက်ရတယ်။ ကျောင်းဖွင့်တဲ့ရာသီမှာ ဖြစ်တာလေ။ ကလေးတွေကို တစ်နှစ် ကျောင်းနားလိုက်ရပြီ။ ဒါ ဘယ်လောက်ကြာမယ် မပြောတတ်သေးဘူး။ ကျောင်းတွေသာ နောက်ထပ် ၂ နှစ်၊ ၃ နှစ်လောက် မဖွင့်ဘူးဆိုရင် ကျွန်တော့်သားတွေ၊ သမီးတွေရဲ့ရှေ့ရေးက မတွေးရဲစရာပဲ”
ဒီစကားကို ပြောလိုက်သူက သံတွဲမြို့ခံတစ်ယောက်ဖြစ်တဲ့ ကိုမင်းဇော်(အမည်လွှဲ)ဖြစ်ပါတယ်။ သံတွဲမှာ တိုက်ပွဲတွေဖြစ်တော့ ကျောင်းတွေပိတ်သွားပါတယ်။ သူတို့တွေလည်း ရေကြည်ရာမြက်နုရာ မြို့ကြီးဆီ ရွှေ့ပြောင်းခဲ့ကြပါတယ်။ သူ့ကလေးတွေလည်း ကျောင်းနားလိုက်ရပါတယ်။
သေချာတိကျစွာ ကောက်ယူထားတဲ့ စစ်တမ်းတွေ မပေါ်ထွက်သေးပေမဲ့လည်း မြန်မာနိုင်ငံမှာ အခုလို အခြေအနေဆိုးတွေကြောင့် ကျောင်းနားလိုက်ရတဲ့ ကျောင်းသူကျောင်းသားတွေ အများအပြားရှိနေဆဲပါ။ အထူးသဖြင့် ငွေကြေးချို့တဲ့ တဲ့ မိသားစုတွေက ကလေးတွေရဲ့ ပညာရေးဟာ ရပ်ဆိုင်းသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။
ဒါဟာ အနာဂတ်မြန်မာနိုင်ငံထူထောင်ရေးမှာ ပညာတတ်တွေရဲ့အား လျော့ကျသွားဖို့ အခြေခံအကြောင်းရင်းတွေများစွာထဲက တစ်ချက်ပဲဖြစ်ပါတယ်။
(၂)
ပညာရေးခရီးလမ်းခုလတ်မှာ ရပ်တန့်သွားရသလို နောက်တစ်နည်း ပညာတတ်လျော့ကျသွားစေတဲ့ အချက်ကတော့ ပြည်တွင်းရွှေ့ပြောင်းတွေရဲ့ ပညာရေးပုံစံ ပြောင်းလဲမှုဖြစ်ပါတယ်။
အပြောင်းအလဲကြီးထဲမှာ ငွေကြေးအင်အား တောင့်တင်းသူတွေက ဆင်ပိန်ရင် ကျွဲလောက် ကျန်ပါသေးတယ်။ ဒါပေမဲ့ လူလတ်တန်းစားတွေနဲ့ အခြေခံလူတန်းစားတွေကတော့ နေအိမ်စွန့်ခွာ၊ နေရပ်စွန့်ခွာပြီး အဆင်ပြေမယ်ထင်ရာအရပ်ဆီ ရှောင်တိမ်းလာကြရပါတယ်။
ဒီတော့ သူတို့ သားသမီးတွေရဲ့ ပညာရေးဟာလည်း ငွေနဲ့စက် ချိန်ဝယ်နေရပြီး ရတက်မအေးစရာ ဖြစ်လာပါတယ်။
“ရန်ကုန်မှာက ကျူရှင်စရိတ်၊ ကျောင်းအသွားအပြန်၊ စားတာသောက်တာတွေ အားလုံးက နယ်မှာထက် နှစ်ဆပိုကုန်တယ်။ ဟိုမှာက စက်ဘီးနဲ့တင် ကျောင်းသွား၊ ကျူရှင်တက်တွေ လုပ်ခဲ့တာပါ။ အရင်တုန်းကတော့ ဆရာဝန် ဖြစ်ချင်ခဲ့တာ။ အခုတော့ စိတ်ဓာတ်တွေတောင် ကျမိတယ်” လို့ အသိပေးလာတာက သံတွဲကနေ ရန်ကုန်ကိုပြောင်းရွှေ့ပြီး တက္ကသိုလ်ဝင်တန်းတက်ရောက်နေသူ မယဉ်မေခိုင်(အမည်လွှဲ)ပါပဲ။
နယ်မြို့တွေဆီက ကျောင်းစရိတ်၊ ပညာသင်ကြားစရိတ်ဟာ သူ့အိုးနဲ့ သူ့ဆန် အဆင်ပြေပြေရှိပေမယ့် ရန်ကုန်လိုမြို့ကြီးက ကျောင်းတွေဆီကို ကျောင်းပြောင်းလာခဲ့ကြပြီးနောက် ကုန်ကျစရိတ်က နှစ်ဆနီးပါး ပိုပြီး မြင့်တက်လို့ သွားခဲ့ပါတယ်။
ဒါတောင် နာမည်ကြီးကျောင်းတွေ မဟုတ်သေးပါဘူး။ သာမန်အဆင့်ကျောင်းတွေမှာ ကျောင်းပြောင်း ဝင်ရောက်ပြီး ပညာသင်ကြားနေတာမှာ ကြုံဆုံနေရတာတွေပါ။ ကျူရှင်စရိတ်၊ ကျောင်းစရိတ် နှစ်ခုပေါင်းလိုက်ရင် မျက်လုံးပြူးတဲ့အထိ ဖြစ်သွားရတယ်လို့ ကျောင်းသူ မယဉ်မေခိုင်က ဆိုပါတယ်။
ကျောင်းသားတွေတင်မဟုတ်ပါဘူး။ မိဘတွေကိုယ်တိုင်လည်း အခုလိုဒုက္ခတွေကို ခါးစည်းခံနေရပါတယ်။
“ရန်ကုန်ကို စစ်ရှောင်ပြီး ထွက်လာခဲ့တာ။ ဒီမှာ အိမ်ငှားခက တစ်လအတွက် ၄ သိန်း ပေးရတယ်။ စဉ်းစားကြည့်ပေါ့ဗျာ။ အခန်းငှားတဲ့စရိတ်နဲ့ ကလေးတွေ ကျောင်းစရိတ် ပေါင်းလိုက်ရင် ညဆို အိပ်လို့တောင် မပျော်ဘူး”လို့ ရင်ဖွင့်လာတာသူက စစ်တွေကနေ ရန်ကုန်ကို ပြောင်းရွှေ့ရောက်ရှိလာသူက ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ကိုကျော်ဇော (အမည်လွှဲ)ပဲ ဖြစ်ပါတယ်။
ဒီလိုအခက်ကြုံနေရတာက ကိုကျော်ဇောတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လားရှိုး၊ မိုးကုတ်၊ ထားဝယ်၊ မြိတ်၊ မကွေးနဲ့ စစ်ကိုင်းတို့ဘက်ကနေ ရန်ကုန်ဆီ ရွှေ့ပြောင်းရောက်လာသူတွေ တဖွဲဖွဲရှိနေသေးတာကြောင့် သူ့လိုဘဝတွေက တပုံတပင်ရှိနေပါသေးတယ်။
ဒါကြောင့်လည်း မြို့ကြီးပြကြီးတွေဆီ ပြောင်းလာတဲ့ဘဝတွေ၊ ကျောင်းနေအရွယ်တွေပါလာတဲ့ မိသားစုတွေဆီက ကလေးတွေရဲ့ပညာရေးအနာဂတ်တွေဟာ ရင်လေးစရာတွေနဲ့ ပြည့်နှက်နေပါတယ်။
(၃)
ပြည်တွင်းရွှေ့ပြောင်းတွေရဲ့ပညာရေးက အခုလို အခြေအနေတွေထဲ ဝေဝေဝါးဝါးတွေဖြစ်နေသလို နိုင်ငံရပ်ခြားဆီ ရွှေ့ပြောင်းနေထိုင်တဲ့ မိသားစုတွေဟာလည်း ကလေးတွေရဲ့ပညာရေးအတွက် စိတ်ပူပန်ရတာတွေ ရှိနေပါတယ်။
“ပညာရွှေအိုး လူမခိုး”ဆိုတာထက် ရွှေအိုးရှိမှ ပညာရနိုင်လောက်စရာ အနေအထားကို သူတို့လည်း ရင်ဆိုင်နေကြရတာပါ။ အများစုကတော့ ကလေးတွေရဲ့ ပညာရေးအတွက် ပြည်ပကို ပြောင်းရွေ့အခြေချလာကြပါပြီ။ အထူးသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံကိုပါ။
ထိုင်းနိုင်ငံမှာ အလုပ်တစ်ခုရှိမယ်။ နေစရာ တစ်ခုရှိမယ် ဒါမှမဟုတ် မိသားစုနေဖို့လောက် အဆင်ပြေမယ်ဆိုရင် သူတို့က ပြောင်းရွှေ့အခြေချတော့တာပါပဲ။ ဒီလိုအခြေချတာဟာ ပြည်တွင်းမှာ မတည်ငြိမ်တာ၊ ကုန်ဈေးနှုန်းကြီးတာ၊ အလုပ်အကိုင်ရှားပြီး လုပ်ခလစာနည်းတာလို အကြောင်းရင်းများစွာအပေါ် အခြေခံပါတယ်။ ဒါပေမဲ့ ကလေးရှိတဲ့ မိဘတွေ ပြည်ပမှာ အခြေချ နေထိုင်ရတဲ့ အဓိကအကြောင်းရင်းကို ပြောပါဆိုရင်တော့ ကလေးတွေရဲ့ အနာဂတ်အတွက် လုံခြုံစိတ်ချတဲ့ရပ်ဝန်းနဲ့ ပညာသင်ကြားနိုင်ရေးအတွက် ရည်ရွယ်ကြတာပါ။ သားသမီးအနာဂတ် ရတက်အေးစေချင်တဲ့ သဘောလို့လည်း ပြောလို့ရမယ်ထင်ပါတယ်။
“ဒီကို ၂၀၂၂ ခုနှစ်လောက်ကတည်းက ရောက်လာခဲ့တာ။ ကျွန်တော်က ဗီဒီယိုအယ်ဒီတာ၊ ကျွန်တော့်ဇနီးက Digital Marketing ပေါ့။ အလုပ်အဆင်ပြေတော့ သားနဲ့ သမီးကို ဒီမှာ အတိုင်းအတာတစ်ရပ်အထိ အဆင်ပြေပြေဖြစ်အောင် လုပ်ပေးနိုင်တယ်ပေါ့လေ။ ထိုင်းမှာက ကျောင်းတက်ရတာ ကောင်းပါတယ်။ ကလေးတွေ အနာဂတ်အတွက် ကောင်းတယ်ပေါ့ဗျာ”လို့ ထိုင်းနိုင်ငံကို မိသားစုနဲ့ပြောင်းရွှေ့နေထိုင်သူ ဗီဒီယိုအယ်ဒီတာ ကိုဟိန်းထက်လွင် က ပြောပြပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်နဲ့ ချင်းမိုင်လို နေရာမှာ မြန်မာတွေနဲ့ချည်းပဲ ပြည့်နှက်နေတာပါ။ တချို့တော့လည်း အရွယ်ရောက်ပြီးပညားရေးတစ်ပိုင်းတစ်စဖြစ်မှာစိုးလို့ ပြည်ပထွက်ပြီး ပညာသင်ကြသူတွေလည်း ရှိပါတယ်။
ရွှေ့ပြောင်းပညာသင်သူတွေအဖြစ် နိုင်ငံရပ်ခြားဆီကို ရောက်နေသူတွေကတော့ ပြည်ပမှာ ပညာသင်ရတာ အဆင်ပြေတယ်။ အလုပ်တစ်ဖက် ပညာတစ်ဖက် လုပ်ရတာမျိုးတော့ ရှိတယ်ဆိုပြီးတော့ ရင်ဖွင့်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်လည်းရှိမယ်။ လူနေမှုဘဝ စိတ်ချလုံခြုံရမယ်။ ပညာလည်း သင်လို့ရမယ်ဆိုရင် မြန်မာနိုင်ငံထက် သာပါတယ်လို့ သူတို့က ဆိုပါတယ်။
ဒါပေမဲ့ ဘယ်အရာပဲဖြစ်ဖြစ် အကောင်းချည်းပဲတော့ မဟုတ်ပါဘူး။ မတတ်သာလို့ ရေခြားမြေခြားကို ထွက်ခွာပြီး ပညာသင်နေရသူတွေအတွက် အခက်အခဲဆိုတာကလည်း တပုံတပင်ပါ။
လူအများစုပေါင်းပြီး အဆောင်ခန်းတွေမှာ နေကြရတာ၊ တိုက်ခန်းတွေမှာ စုနေကြရတာ၊ ဘာသာစကား အခက်အခဲရှိတာ၊ ပတ်ဝန်းကျင်သစ်နဲ့ အသားကျဖို့ကြိုးစားရတာ၊ ပညာရေးစနစ်ပုံစံ ကွဲပြားတာ ဒီလိုကိစ္စတွေက မြန်မာရွှေ့ပြောင်းကျောင်းသားတွေအတွက် စိန်ခေါ်မှုတွေပါပဲ။ ပြီးတော့ အလုပ်ရှိဖို့လည်း လိုအပ်ပါသေးတယ်။
“ဒီမှာ ပညာသင်ရတာက ကုန်ကျစရိတ်တော့ များတယ်။ အဲ့ဒီတော့ အလုပ်ကို တစ်ဖက်က လုပ်ရတယ်။ အွန်လိုင်းက လုပ်တဲ့အလုပ်တွေ လုပ်နိုင်ရင် အကောင်းဆုံးပဲ။ Page Admin လုပ်တာတို့၊ Content ရေးတာတို့၊ Digital တို့ပေါ့လေ။ ဒါဆိုရင် ဝင်ငွေလေးရတော့ အဆင်ပြေပါတယ်”လို့ ထိုင်းမှာ ပညာသင်နေတဲ့ မပိုးရည်မွန်သန့်က ပြောပြပါတယ်။
မပိုးရည်မွန်သန့် ဟာ ပြည်တွင်းအခြေအနေတွေကြောင့် ဒုတိယနှစ်ပြီးဆုံးချိန်မှာ တက္ကသိုလ် ဆက်မတက်တော့ဘဲ ထိုင်းဘက်ကို ကူးပြောင်းကာ ပညာသင်ကြားလိုက်သူပါ။ ထိုင်းဘက်မှာ အဆင်ပြေမယ့်ကျောင်း ရှာတွေ့နိုင်ဖို့အတွက်ကိုတော့ သူ(မ)က အချိန်ယူပြီး ရှာဖွေခဲ့ရပါတယ်။
တချို့လည်း တက္ကသိုလ်တက်နေကြတာဖြစ်လို့ တက္ကသိုလ်တွေရဲ့အဆောင်တွေမှာ နေထိုင်ကြရပါတယ်။ ဘာပဲဖြစ်ဖြစ် ပညာရေးစနစ်ရော၊ တက္ကသိုလ်အဆောင် အထောက်အပံ့စနစ်တွေကရော မြန်မာနိုင်ငံထက် ပိုကောင်းကြတယ်လို့လည်း သူတို့ဆိုကြပါတယ်။
ဒါပေမဲ့ နယ်စပ်ဒေသတွေနဲ့ နိုင်ငံရပ်ခြားတွေဆီကို ရွှေ့ပြောင်းလာသူတိုင်း အဆင်ပြေနေကြတာတော့ မဟုတ်ဘူး။ စက်ရုံတွေမှာ၊ ခြံတွေမှာ အလုပ်ကြမ်းလုပ်ရင်း ဘဝကိုဖြတ်သန်းနေရတဲ့မိသားစုတွေက ကလေးတွေကတော့ ပညာရေး ချို့တဲ့ကြပါတယ်။
ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာတောင် မြန်မာနိုင်ငံမှာထက်တော့ ပညာရေးကောင်းကို ရရှိနေကြတာဖြစ်တယ်လို့ ရွှေ့ပြောင်းအခြေချသူတွေက ဆိုပါတယ်။ တကယ်တမ်းအဲဒီလိုပြောတာ အပိုပြောတာတော့ မဟုတ်ပါဘူး။ မူလတန်းကလေးတစ်ယောက်ဟာ ဘာသာရပ် ၉ ခုလောက်သင်ရပါတယ်။ ဥပမာပြောရရင် ထိုင်းဘာသာရပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ သမိုင်း၊ ကျန်းမာရေးနဲ့ ကာယ၊ အနုပညာ၊ အလုပ်အကိုင်နဲ့ နည်းပညာ၊ နိုင်ငံခြားဘာသာစကား။ အဲဒီ ၉ ခုကို သင်ရပါတယ်။ ထပ်ပြီးသင်ရတဲ့ နှစ်ဘာသာလည်း ရှိပါသေးတယ်။ ဒီလိုများပြားတဲ့ဘာသာရပ်တွေကို ကလေးတွေက ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးသင်နိုင်တယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်ကို ခန့်မှန်းလို့ရလောက်ပါတယ်။
ဒါကြောင့်လည်း နယ်စပ်ဘက်ကိုကူးပြီး ပညာသင်ဖို့ ကြိုးစားသူတွေ၊ ကျောင်းတက်ဖို့အတွက် ပြည်ပနိုင်ငံ ထွက်ခွင့်ရအောင် ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းပေါင်းစုံနဲ့ အားထုတ်သူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုလို့ပိုလို့ များသထက် များလာနေတာဖြစ်ပါတယ်။
အနာဂတ် ပညာရေး
၂၀၂၁ အပြောင်းအလဲမုန်တိုင်းကြောင့် မြန်မာ့ပညာရေးဟာ ပြောင်းလဲသွားပါတယ်။ အဓိကအားဖြင့် နှစ်ပိုင်းခွဲပြောနိုင်ပါတယ်။
တစ်ပိုင်းကတော့ ငွေကြေးချို့တဲ့လို့ ပညာရေးခရီးရပ်တန့်သွားသူတွေနဲ့ ပြည်တွင်းမှာ ရွှေ့ပြောင်းရလို့ ပညာရေးကောင်းကောင်းမရတော့သူတွေက တစ်ပိုင်းဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ မိသားစုအထောက်အပံ့နဲ့ပဲ နိုင်ငံတကာတက္ကသိုလ်ကြီးတွေမှာ အဆင့်မြင့်ပညာရေးတွေကို အထိုင်မပျက် ဆက်လက်ဆည်းပူးနေကြသူတွေနဲ့ ပြည်တွင်းမှာ နိုင်ငံတကာကျောင်းကို တက်ရောက်သင်ကြားနေကြတဲ့ ကျောင်းသားတွေပါ။ ဒီအပိုင်းမှာ နိုင်ငံတကာကိုရောက်နေတဲ့ မြန်မာရွှေ့ပြောင်းတွေရဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။
ဒီတော့ ပြည်တွင်းနဲ့ ပြည်ပ ပညာရေး ရယူနိုင်စွမ်းပေါ်မူတည်ပြီး နိုင်ငံ အနာဂတ်ပြန်လည်ထူထောင်ရေးမှာ ဘယ်ကဏ္ဍ၊ ဘယ်အပိုင်းက စွမ်းဆောင်မလဲဆိုတာကို ပြဌာန်းသလိုဖြစ်လာပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ပညာတတ်တာက ပညာမတတ်တာထက်စာရင်တော့ ကောင်းတယ်ဆိုတာ ငြင်းစရာမရှိတဲ့ ကောက်ချက်ပါ။ ပညာရေးဟာ အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခဲ့မယ်ဆိုရင် ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီးကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အရင်းနည်းလေ ပိုကောင်းလေဖြစ်ပြီး အားလုံးတန်းတူပညာရေးရဖို့ကတော့ လိုအပ်နေပါသေးတယ်။
“ပညာရေး ဝေးသည်မရှိ”ဆိုပြီး မော်ကြွားနေတဲ့ မြန်မာ့ပညာရေးဟာ မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက်တော့ တိမ်မီးခိုးတွေပမာ လိုက်လေဝေးလေ ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ပြီလားဆိုတာ တွေးဆစရာပဲ ဖြစ်ပါတော့တယ်။
နွေဦးရွက်ဝါ(Y3A)