လက်ရှိအမေရိကန် ဒုသမ္မတ ကမ္မလာဟဲရစ်ဟာ လာမဲ့ နိုဝင်ဘာလမှ ကျင်းပမဲ့ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဘက်က သမ္မတလောင်းအဖြစ် ရွေးကောက်ခံမယ်လို့ တရားဝင်ပြောကြားလိုက်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်က လာမဲ့ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲကနေ တရားဝင်နုတ်ထွက်ကြောင်း ကြေညာအပြီးမှာ ကမ္မလာဟဲရစ်က ဘိုင်ဒန်နေရာကို အစားထိုးဖို့ ရေပန်းအစားဆုံး အမျိုးသမီးကိုယ်စားလှယ် ဖြစ်လာတာပါ။
ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ပါတီရဲ့ ညီလာခံမှာ ဒီမိုကရက်ကိုယ်စားလှယ်လောင်း ၃၉၀၀ ကျော်က ကမ္မလာ့ကို မဲပေးရွေးချယ်ခဲ့ပါတယ်။ တစ်နည်းပြောရရင် ကိုယ်စားလှယ်အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းက သူ(မ) ကို ရွေးခဲ့တာပါ။ ဒါကြောင့် အမေရိကန်သမိုင်းမှာ သမ္မတရွေးကောက်ပွဲထဲ ဝင်ပြိုင်ခွင့်ရတဲ့ ပထမဆုံး လူမည်းအာရှအမျိုးသမီး ဖြစ်လာပြီး လာမဲ့နိုဝင်ဘာမှာ တော့ အတိုက်အခံဘက်က သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ပလ္လင်ယှဉ်လုရပါတော့မယ်။ ဩဂုတ် ၁၉ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ဒီမိုကရက်တစ်ပါတီ ညီလာခံမှာ ပါတီကိုယ်စားပြု သမ္မတလောင်းကို ရွေးချယ်ကြရမှာ ဖြစ်ပေမဲ့ မဲဆွယ်ရေးကမ်ပိန်းတွေအတွက် အချိန်မလုံမလောက်ဖြစ်နေတာမို့ ဩဂုတ်လ ၂ ရက်နေ့မှာပဲ တရားဝင်ရွေးချယ်လိုက်ကြတာပါ။
ကမ္မလာဟဲရစ်ဟာ နိုင်ငံရေးနောက်ခံ ခိုင်မာတောင့်တင်းသူ တစ်ဦး ဖြစ်ပါတယ်။ သူ(မ) က ဆန်ဖရန်စစ်စကို ပြည်နယ်ရှေ့နေကနေ ပြည်နယ်ရှေ့နေချုပ်အဖြစ်၊ နောက်တော့ အထက်လွှတ်တော်ရဲ့ ကိုယ်စားလှယ်ဖြစ်လာသူပါ။ အခုတော့ ဒီမိုကရက်ပါတီရဲ့ နှစ် ၂၀၀ သမိုင်းတစ်လျှောက်မှာ ကယ်လီဖိုးနီးယားလို အနောက်ဘက်ပြည်နယ်က လာတဲ့ သမ္မတရွေးကောက်ခံဆိုလို့ ကမ္မလာတစ်ယောက်ပဲ ရှိတယ်လို့ သိရပါတယ်။ တကယ်လို့ ကမ္မလာဟဲရစ်သာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံမယ်ဆိုရင်တော့ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာပါလိမ့်မယ်။
Build Myanmar - MediaMin Z
We recommend you to read this article.
ကမ္မလာဟဲရစ်ပြီးရင် ကယ်လီဖိုးနီးယားမြို့တော်ဝန်၊ မီချီဂန်မြို့တော်ဝန်၊ ကော်လိုရာဒိုမြို့တော်ဝန်၊ ပင်ဆယ်လ်ဗေးနီးယားမြို့တော်ဝန်နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်ဘက်က ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်ဟောင်းတွေအပါအဝင် တခြားရေပန်းစားနေသူတွေက ကမ္မလာရဲ့ အစိုးရအဖွဲ့ထဲ ပါဝင်ဖို့ အခွင့်အရေးများနေပါတယ်။ နောက်၊ ဒီကနေ့ နံနက်ပိုင်းမှာပဲ မီနီဆိုးတားမြို့တော်ဝန် တင်မ်ဝေါ့ဇ် (Tim Walz) ကို ကမ္မလာဟဲရစ်က သူနဲ့အတူ ဒီမိုကရစ်ဘက်က ဘေးချင်းကပ် ရွေးကောက်ခံမဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပါပြီ။
ကမ္မလာဟဲရစ်က ဘိုင်ဒန်နဲ့ မဲရနိုင်တဲ့ အခြေအနေခြင်း 'နီးစပ်' နေပေမဲ့ ထရမ့်ကတော့ သူတို့အားလုံးထက် သာအောင် လူထုစိတ်ဝင်စားမှုကို ဆွဲယူသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ရက်က YouGov အဖွဲ့က ဆောင်ရွက်ခဲ့တဲ့ စစ်တမ်းအရဆိုရင် ဘိုင်ဒန်က (ဝင်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင်) ထရမ့်ကို နှစ်မှတ်အလိုနဲ့ ရှုံးနိမ့်နိုင်ပြီး ကမ္မလာကတော့ သုံးမှတ်အလိုနဲ့ အရေးနိမ့်နိုင်တာပါ။ ရိုက်တာက ပြုလုပ်တဲ့ စစ်တမ်းမှာတော့ နှစ်ဖက်စလုံး သရေကျနိုင်တယ်လို့ သိရပါတယ်။
နောက်ပြီး ဘိုင်ဒန်နဲ့ ထရမ့်တို့ရဲ့ စကားစစ်ထိုးပွဲအပြီးမှာ ဆောင်ရွက်ခဲ့တဲ့ CNN က စစ်တမ်းအရဆိုရင်တော့ ဒီမိုကရက်ပါတီတွင်းမှာတင် ဝင်အရွေးခံမဲ့ အဓိကကိုယ်စားလှယ် ဘိုင်ဒန်ကို မဲအရကျော်တက်နိုင်တဲ့ ရွေးကောက်ခံတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့လဲ ထရမ့်နဲ့ ယှဉ်ရင်တော့ ရှုံးနိုင်ခြေများဆဲပါပဲ။ ဘိုင်ဒန် ပလ္လင်ပေါ်က ဆင်းလိုက်ရလဲ ဒီမိုကရက်က အားသာဖို့ အခွင့်အလမ်းနည်းတယ်လို့ နိုင်ငံရေးသုတေသီတွေက ဆိုနေပါတယ်။
လက်ရှိအခြေအနေကတော့ ကမ္မလာဟဲရစ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီမိုကရက်ကို ထောက်ခံသူဆိုရင်တော့ သူ့ကိုပဲ ဦးစားပေး မဲပေးရင်း လာမဲ့ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲထဲ အခြေအနေကောင်းအောင် ဆောင်ရွက်ကြရမှာပါ။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကတော့ ရာထူးတာဝန်ကနေ ချက်ချင်း နုတ်ထွက်သွားမှာမဟုတ်ဘဲ ရွေးကောက်ပွဲမတိုင်ခင်အထိ ဆက်လက်ရုံးထိုင်နေမယ်လို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒန် အဆိုပြုထားတဲ့ တစ်ဦးတည်းသောသူ ကမ္မလာဟဲရစ်ကတော့ သမ္မတလောင်းဖြစ်တာနဲ့ မဲဆွယ်ဖို့အတွက် ရန်ပုံငွေ ဒေါ်လာသန်း ၁၀၀ အသုံးပြုရဖို့ ရှိပါတယ်။
References: Cabral, M. M. a. S. (2024, August 2). Kamala Harris formally chosen as Democratic nominee. https://www.bbc.com/news/articles/c4ng1my55vno
- Staff, A. J. (2024, August 6). Who is Tim Walz, Kamala Harris’s VP pick in US election? Al Jazeera. https://www.aljazeera.com/news/2024/8/6/who-is-tim-walz-kamala-harriss-vp-pick-in-us-election
ဒီဆောင်းပါးကို ဆက်ဖတ်ဖို့ စာဖတ်သူက အကြံပြုပါတယ်။
Build Myanmar - MediaMin Z
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်
📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com