“ကျွန်တော့်အတွက်‌တော့ ချမ်းသာဖို့ဆိုတာကို ခေါင်းထဲ မရှိဘူး။ ကျွန်တော့်ဘဝ လွတ်လပ်သွားဖို့ပဲ လိုလားတယ်”

ကမ္ဘာ့လူသုံးအများဆုံး ဆက်သွယ်ရေးပလက်ဖောင်းတွေထဲက တစ်ခုဖြစ်တဲ့ တယ်လီဂရမ်ရဲ့ တည်ထောင်သူ ပါဗယ်လ် ဒူရော့ဗ် ပြောခဲ့တဲ့ စကားတစ်ခွန်းပါ။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ မြောက်ပိုင်းမှာ ရှိတဲ့ လေဆိပ်တစ်ခုထဲ ပြီးခဲ့တဲ့ စနေနေ့က ဒူရော့ဗ်အဖမ်းခံလိုက်ရတဲ့ သတင်းက ကမ္ဘာ့သတင်းစာမျက်နှာတွေအပြင် လူအတော်များများရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားသွားခဲ့ပါတယ်။ အခုလို ဖမ်းဆီးလိုက်တာရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေ ရှိနေလဲ၊ နောက် ဒစ်ဂျစ်တယ်ခေတ်ရဲ့ လူမှုကွန်ရက်တွေက တရားမဝင်လုပ်ငန်းတွေနဲ့ လိမ်လည်မှုတွေ၊ ရာဇဝတ်မှုတို့ရဲ့ အိမ်ဖြစ်နေပြီလား၊ ပြင်သစ်တွေကရော ဘာလို့ ဒူရော့ဗ်ကို ဖမ်းကြတာလဲ။ ဒါလေးတွေကို အတိုချုံးလေ့လာကြည့်ကြရအောင်။

ဒူရော့ဗ်တို့ရဲ့ တယ်လီဂရမ်ပလက်ဖောင်းက လူသုံးများလာတာနဲ့အမျှ ကမ္ဘာနဲ့တစ်ဝှမ်းမှာ ရှိတဲ့ ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ မျက်စိကျစရာ နေရာတစ်ခု ဖြစ်လာတာ ကြာပါပြီ။ အကြမ်းဖက်လုပ်ရပ်တွေအတွက် သွေးထိုးလှုံ့ဆော်တယ်၊ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို တွင်တွင်ကျယ်ကျယ်မြင်ရတယ်၊ လိမ်လည်မှုတွေ၊ သတင်းအချက်အလက်မှားတွေနဲ့ တခြားရာဇဝတ်မှုတွေအတွက် စုဝေးရာ နေရာတစ်ရပ်လို ဖြစ်နေတယ်။ ပြီးရင် ဒါတွေကိုလဲ တိုင်ကြားတာတွေ ရှိနေရက်နဲ့ ထိထိရောက်ရောက် အရေးမယူ၊ ထိန်းချုပ်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်သစ်က ဒူရော့ဗ်ကို ဖမ်းလိုက်တာပါ။

တယ်လီဂရမ်အက်ပ်ဟာ တခြားမက်ဆေ့ချ်ပို့ပလက်ဖောင်းတွေနဲ့ မတူဘဲ အသုံးပြုသူတွေကို လူအယောက် နှစ်သိန်းအထိ ပါနိုင်တဲ့ Group Chat တွေကို ဖွဲ့ခွင့်ပေးထားပါတယ်။ ဒီအချက်က အစွန်းရောက်အုပ်စုတွေနဲ့ ရာဇဝတ်သားတွေအတွက် သတင်းအချက်အလက်တွေ၊ ဝါဒတွေကို ဖြန့်ဝေရာမှာ လွယ်ကူစေတယ်လို့ ဝေဖန်သူတွေက ထောက်ပြထားကြတာပါ။

ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ တယ်လီဂရမ်ဘက်ကတော့ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်စံနှုန်းနဲ့အညီ အမြဲအဆင့်မြှင့်တင်နေကြောင်း ပြန်ပြောထားပါတယ်။ နောက်ပြီးတော့ ဒူရော့ဗ် အဖမ်းခံရတာနဲ့ စပ်လျဉ်းပြီးတော့လဲ ပလက်ဖောင်းတစ်ခုမှာ အလွဲသုံးစားဖြစ်တယ်ဆိုတိုင်း အဲဒီပလက်ဖောင်းရဲ့ တည်ထောင်သူက တာဝန်ရှိတယ်လို့ ကောက်ချက်ချတာက အဓိပ္ပါယ်မရှိကြောင်း ထုတ်ပြန်ချက်ထဲမှာ ပြောထားသေးတာပါ။

တယ်လီဂရမ်ဟာ လက်ရှိ ဒူဘိုင်းအခြေစိုက်ဖြစ်ပြီး လစဉ် ပုံမှန်အသုံးပြုသူ သန်းကိုးရာ ရှိပြီး WhatsApp နဲ့ Signal တို့ထက် ပိုပြီး လုံခြုံတယ်လို့ အဆိုပြုထားကြတာ ဖြစ်ပါတယ်။ ဒီပလက်ဖောင်းကို ဒူရော့ဗ်နဲ့ သူ့ညီ နီကိုလိုင်း ဒူရော့ဗ်တို့က ရုရှားနိုင်ငံမှာ ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာပါ။ အဲဒီအချိန်က ရုရှားနိုင်ငံ၊ မော်စကိုမှာ အုံလိုက်ကျင်းလိုက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီးတော့ အစိုးရက အင်တာနက်တွေ ပိတ်ဆို့ဖြတ်တောက်လိုက်ချိန်မှာ ဒီပလက်ဖောင်းကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ရုရှားအစိုးရက အတိုက်အခံပါတီဝင်တွေရဲ့ ဂရုတွေကို ဖျက်သိမ်းဖို့ VK ဆိုရှယ်မီဒီယာ ပိုင်ရှင်လဲဖြစ်တဲ့ ဒူရော့ဗ်ကို ဖိအားပေးလာချိန်၊ ၂၀၁၄ ခုနှစ်မှာတော့ သူ ရုရှားက ထွက်ခွာသွားပါတယ်။ VK ကိုလဲ ရောင်းချလိုက်တာပါ။

တယ်လီဂရမ်ကုမ္ပဏီက သူတို့ရဲ့ ဆက်သွယ်ရေးစနစ်ဟာ ပြောဆိုသူ နှစ်ဦးနှစ်ဘက်အချင်းချင်းပဲ သီးသန့်ရှိတဲ့ End-to-end Encryption နည်းပညာကို သုံးတယ်လို့ ပြောထားပါတယ်။ တယ်လီဂရမ်အနေနဲ့ Encrypt လုပ်ထားတဲ့ သီးသန့်စကားပြောခန်းတွေကို ကြားဖြတ်စောင့်ကြည့်လို့ မရပါဘူး။ ဒါပေမဲ့ ချန်နယ်တွေနဲ့ အကောင့်တွေကိုတော့ ဖျက်သိမ်းခွင့်ရှိပါတယ်။

‘သူတွက်တာ မှားသွားတာလေ။ ငါတို့ရဲ့ ဘုံရန်သူတွေကို ပြောရရင် သူက ရုရှားနော်။ ဒါကြောင့် ခန့်မှန်းလို့ မရသလို အန္တရာယ်လဲ များတယ်။ ဒူရော့ဗ်တစ်ယောက်တော့ သူ့ရဲ့ ဇာစ်မြစ်ကို ပြောင်းလို့ မရဘူးဆိုတာ သဘောပေါက်သွားပြီ ထင်ပါတယ်’ လို့ ရုရှားသမ္မတဟောင်း၊ လက်ရှိ ရုရှားလုံခြုံရေး ကောင်စီရဲ့ ဒုတိယခေါင်းဆောင် ဒီမီထရီ မဗီရာဒက်ဖ်က ပြောပါတယ်။

တယ်လီဂရမ်က စစ်ဖြစ်နေတဲ့ ဒေသအတော်များများမှာ အတော်လေးလွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပလက်ဖောင်းပါ။ အထူးသဖြင့် ရုရှား၊ ယူကရိမ်းနဲ့ အရင်ဆိုဗီယက်ပြည်ထောင်စု လက်အောက်က နိုင်ငံတွေမှာ အင်မတန်အသုံးများပါတယ်။ ရုရှား-ယူကရိမ်း စစ်ဖြစ်တော့လဲ တယ်လီဂရမ်က နှစ်ဖက် အစိုးရအဖွဲ့ဝင်တွေရဲ့ အဓိက သတင်းအချက်အလက် ဖြန့်ဝေရယူရာ ရင်းမြစ်တစ်ရပ် ဖြစ်လာတာပါ။ အလားတူပဲ၊ အစ္စရေး၊ ပါလက်စတိုင်း ပဋိပက္ခမှာလဲ စစ်ပွဲတွင်းက အနိဋ္ဌာရုံပုံရိပ်တွေနဲ့ ဗီဒီယိုတွေက တယ်လီဂရမ်ကိုပဲ ဦးတည်ထားပြီး ပျံ့နှံ့လာပါတယ်။ ဒီလိုနဲ့ အစွန်းရောက်အဖွဲ့တွေအတွက် ဝါဒမှိုင်းတိုက်ဖို့နဲ့ သူတို့ရဲ့ ဗီဒီယိုတွေ နာမည်ကြီးလာဖို့ ဆောင်ရွက်ရာ တစ်နေရာ ဖြစ်လာတာပါ။

‘သောင်းနဲ့ချီတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းက ဒေသခံတွေဟာ တယ်လီဂရမ်အကောင့်တွေကို ဖွင့်နေကြပြီ။ လူတိုင်း သတင်းစစ်၊ သတင်းမှန်တွေနဲ့ စိတ်ချယုံကြည်ရတဲ့ ဆက်သွယ်ရေးတွေကို အခုလို အခြေအနေမျိုးမှာ ရရှိသင့်တယ်’ လို့ ဒူရော့ဗ်က သူ့ရဲ့ ချန်နယ်ပေါ်မှာ အောက်တိုဘာလ ၈ ရက်နေ့က ပြောထားပါတယ်။

ဒီလိုနဲ့ တယ်လီဂရမ်က အိုင်အက်စ်တွေ၊ အယ်လ်ကိုင်ဒါတွေ၊ ဟားမက်စ်၊ ဟစ်ဇ်ဘိုလာနဲ့ တခြားနာမည်ကြီး အကြမ်းဖက်အဖွဲ့အစည်းကြီးတွေရဲ့ အခြေတည်ရာ ဖြစ်လာနေပြီလို့ စွပ်စွဲခံလာရတာပါ။ ဒီအဖွဲ့တွေက တယ်လီဂရမ်ကို သူတို့ရဲ့ ရာဇဝတ်မှုတွေ ဖော်ဆောင်ဖို့ သုံးကြတယ်။ လူသစ်စုဆောင်းတာတွေ၊ အကြမ်းဖက်မှု ဆောင်ရွက်တာတွေ၊ ရန်ပုံငွေရှာတာတွေနဲ့ ဝါဒမှိုင်းဖြန့်တာတွေ အပြင် အကြမ်းဖက်လုပ်ရပ်တွေကိုပါ ဒီမှာ စီစဉ်ဆောင်ရွက်ကြတယ်လို့ ပြောလာကြပါတယ်။

၂၀၁၉ ခုနှစ် အစောပိုင်းမှာဆိုရင် ဒီပလက်ဖောင်းဟာ လူဖြူအစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ လက်နက်ထုတ်လုပ်ပုံနဲ့ သိုဝှက်ပုံတွေကို စာနဲ့ ရေးသားထားတဲ့ လမ်းညွှန်စာအုပ်ပါ ချန်နယ်တွေထဲ တက်လာတဲ့အထိ အစွန်းရောက်လှုပ်ရှားမှုတွေ ပေါ်ပေါ်ထင်ထင်ဖြစ်လာနေတာပါ။

အနောက်နိုင်ငံတွေ အတော်များများကလဲ ဒီပလက်ဖောင်းက တရားမဝင်တဲ့ ကွန်းတန့်တွေ၊ ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံ/ဗီဒီယိုတွေ၊ လိင်အမြတ်ထုတ်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေ အပြင် မူးယစ်ဆေးဝါးဝယ်ယူတာတွေနဲ့ တခြား ဥပဒေမဲ့ လုပ်ရပ်တွေ အားလုံးရဲ့ အုတ်မြစ်ဖြစ်နေတယ်လို့ စွပ်စွဲလေ့ ရှိပါတယ်။

ဒူရော့ဗ် ဖမ်းခံရအပြီးမှာပဲ အိန္ဒိယအစိုးရက တယ်လီဂရမ် အခြေစိုက်တဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ငွေလိမ်ဂိုဏ်းတွေရယ်၊ တခြားတရားမဝင် ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးရေးလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။ တကယ်လို့ ထင်ထင်ရှားရှား သက်သေတွေကိုသာ ဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင် တယ်လီဂရမ်ကို အိန္ဒိယမှာ ဘမ်းနိုင်ပါတယ်။ လက်ရှိပြင်သစ်အစိုးရကလဲ တယ်လီဂရမ်က မူးယစ်ဆေးတွေ ရောင်းဝယ်ဖောက်ကားရာ နေရာ၊ ကလေးသူငယ်တွေအပေါ် ဦးတည်တဲ့ ရာဇဝတ်မှုတို့ရဲ့ နေရာနဲ့ ဒီကိစ္စတွေကို သေသေချာချာကိုင်တွယ်နိုင်စွမ်း မရှိလို့၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းဖို့ ပျက်ကွက်လို့ဆိုတဲ့ ပုဒ်မတွေနဲ့အတူ ဒူရော့ဗ်ကို ဖမ်းဆီးထားတာပါ။

“သူများတွေဆီက အမိန့်တွေ မနာခံဘဲ လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်” လို့တော့ ဒူရော့ဗ်က ၂၀၁၄ ခုနှစ်က ပြောခဲ့ပါတယ်။

ဒူရော့ဗ်ရဲ့ ဖမ်းဆီးခံရမှုဟာ လူမှုကွန်ရက်တွေနဲ့ မက်ဆေ့ချ်အက်ပ်လောကမှာတော့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ် ပလက်ဖောင်းတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အွန်လိုင်းပေါ်က ဖြစ်ရပ်တွေကို ထိန်းချုပ်နိုင်စွမ်းအပေါ်မှာ မေးခွန်းထုတ်စရာတွေ ရှိလာနေတာပါ။ နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ အခုလို ဖမ်းဆီးလိုက်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့ကို ချိုးဖောက်လိုက်တာလို့ ဝေဖန်ထားကြပါတယ်။

အဆုံးသတ်ပြောရရင် ဒီဖြစ်ရပ်က လူမှုကွန်ရက်တွေရဲ့ လုပ်ငန်းဆောင်တာတွေ၊ အလုပ်လုပ်ပုံတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာနေပါပြီ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အွန်လိုင်းပေါ်က ရာဇဝတ်မှုတွေကြားက ပတ်သက်ယှက်နွယ်မှုတွေကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းချုပ်ဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းရှိနေပြီးတော့ နောက်ဆက်တွဲအခြေအနေတွေကလဲ အင်မတန်စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

References: Fraser, G. (2024, August 26). Telegram arrest: Who is Pavel Durov and what is his app? https://www.bbc.com/news/articles/cx2x5yw8z7yo


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!