ကားကလေးက ရန်ကုန်-ကော့မှူးလမ်းပိုင်းမှာ အသော့နှင်နေပါတယ်။ တရိပ်ရိပ်ပြေးနေတဲ့ ကားလေးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတော့ လယ်ကွင်းတွေက စိမ်းစိုနေပါတယ်။ အဲဒီလယ်ကွင်းတွေရဲ့နောက်မှာတော့ ခပ်မတ်မတ်ရပ်နေတဲ့ ထန်းတောတွေကို မြင်နေရပါတယ်။ သိပ်မကြာပါဘူး။ လမ်းဘေးမှာ ထန်းရည်ဆိုင်လေးတွေကို တွေ့ရပြန်ပါတယ်။
ထန်းရည်ဆိုင်လေးထဲမှာတော့ လူကြီးလူငယ် လေးငါးယောက်လေးက ထိုင်ပြီး အုပ်စုဖွဲ့ ထန်းရည်သောက်နေတာကိုလည်း ကားပေါ်ကပဲ တွေ့လိုက်ရပြန်ပါတယ်။
ဒီနေ့ခေတ်မှာ အရက်၊ ဘီယာ၊ ကော့တေး၊ ဝိုင်၊ ဂျင် ဒီလို ယမကာစာရင်းဝင်တာတွေ အမျိုးအမယ်စုံလင်လာပေမဲ့လည်း မြန်မာ့ထန်းရည်ကို ကြိုက်နှစ်သက်သူတွေကလည်း ရှိနေဆဲပါ။
ထန်းရည်ကိုကြိုက်လို့သောက်ကြသူတွေရှိသလို အပျော်သောက်ကြသူတွေလည်းရှိမှာပါ။ ဒီလိုပဲ ထန်းရည်သောက်တာ မကောင်းဘူးဆိုတဲ့ ရှုထောင့်က ကြည့်မြင်သူတွေလည်း ရှိမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ထန်းရည်ကနေ မြန်မာအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းနိုင်မလဲဆိုတာကို စဉ်းစားကြည့်သင့်တာကတော့ အမှန်ပဲဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၄၊ ဒီဇင်ဘာလတုန်းက ဂျပန်နိုင်ငံရဲ့ ရိုးရာ အရက်ဖြစ်တဲ့ ဆာကေးဟာ ယူနက်စကို စာရင်းဝင်သွားတာက မြန်မာ့ထန်းရည်ကို ဈေးကွက်ဘယ်လိုမြှင့်တင်မလဲ၊ မြန်မာအတွက် အကျိုးဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့အထိ အတွေးဆန့်ထွက်လာစေပါတယ်။
ထန်းပင်ဟူသည်
ထန်းပင်တစ်ပင်ဖြစ်ဖို့ ၁၀ နှစ် - ၁၅ နှစ်လောက် အချိန်ယူရပါတယ်။ ထန်းပင်မှာ အဖိုနဲ့ အမဆိုပြီး နှစ်မျိုးရှိပါတယ်။ မိုးရေချိန် လက်မ ၂၀-၄၀ အတွင်း ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့တဲ့ အညာဒေသတွေမှာ ထန်းပင်တွေကို အမြောက်အမြားတွေ့နိုင်ပါတယ်။ နောက်တစ်ချက် အားသာတာကတော့ ထန်းပင်စိုက်ဖို့ ဓာတ်မြေဩဇာမလို၊ ပိုးသတ်ဆေးမလိုသလို ရေလည်း အမြောက်အမြားလည်း မလိုပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံအလယ်ပိုင်း အညာတကြောအပြင် ရေမဝပ်တဲ့ နိုင်ငံအနှံ့အပြားမှာလည်း ထန်းပင်တွေကို စိုက်ပျိုးနိုင်ပါတယ်။
တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
ထန်းရည်ကိုတော့ ထန်းအဖိုပင်ကနေ ၇ နှစ်ဆို ရရှိပါတယ်။ အမပင်ကနေ ၁၀ နှစ်ဆို ထန်းရည်ရနိုင်ပါတယ်။ အဖိုပင်ကနေရတဲ့ထန်းရည်ကို ကြိုချက်လိုက်ရင် အနည်းငယ်ညိုတဲ့ ထန်းလျက် ရရှိပြီး အမပင်ကနေရတဲ့ ထန်းရည်ကို ကျိုချက်ရင်တော့ ဖြူတဲ့ ထန်းလျက်ရပါတယ်။
ထန်းပင်ကနေ လူ့အသုံးအဆောင်ပစ္စည်းမျိုးစုံကိုလည်း ထုတ်လုပ်နိုင်ပါသေးတယ်။ ဥပမာပြောရင် ထန်းခမောက်၊ ထန်းခေါက်ဖာ၊ ထန်းသားပရိဘောဂပစ္စည်းတွေလည်း လုပ်နိုင်ပါသေးတယ်။ ထန်းရွက်တွေနဲ့ အမိုးအကာတွေလည်း လုပ်နိုင်ပါသေးတယ်။ ကျွမ်းကျင်သူတွေအတွက်တော့ ထန်းတစ်ပင်လုံးဟာ အသုံးချစရာပစ္စည်းတွေပဲဖြစ်ပါတယ်။
မြန်မာမှုဓလေ့ထဲက ထန်းရည်
ထန်းရည်ဆိုတာ ထန်းပင်ကနေ ရရှိတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ မြန်မာ့မှုဓလေ့မှာ ထန်းရည်ဆိုတာ မင်းသုံးစိုးသုံးမဟုတ်ပါဘူး။ အညတရ၊ သာမန်လူဆင်းရဲတွေ အပန်းဖြေသောက်သုံးကြတဲ့ ယစ်ရွှေရည်လို့ ပြောရပါမယ်။ ဒါဖြင့် ရှင်ဘုရင်တွေ၊ အိမ်ရှေ့စံတွေ၊ မင်းညီမင်းသားတွေ မသောက်ကြဘူးလားဆိုရင် သောက်တဲ့လူသောက်ပြီး မသောက်တဲ့လူက မသောက်ပါဘူး။
မြန်မာမှုဓလေ့မှာ ထန်းရည်သောက်တာကို အရက်သောက်တာ၊ မကောင်းမှုလုပ်တာအဖြစ် ဘာသာရေး၊ စာပေ၊ ရုပ်ရှင်နဲ့ ဂီတတွေက ပုံဖော်ကြပါတယ်။ ရုပ်ရှင်မှာတော့ ထန်းရည်မူးပြီး အမှားတွေလုပ်ကြောင်း အလွန်အကျူးပုံဖော်တာကို မကြာခဏတွေ့ရပါတယ်။ ဒါပေမဲ့လည်း ဒီနေ့ခေတ်မှာတော့ ထန်းရည်မူးမှ အမှားတွေလုပ်မိနိုင်တာမျိုးမဟုတ်တော့ဘဲ အမျိုးအမည်များပြားတဲ့ အရက်၊ ဘီယာ ယမကာစာရင်း ဝင်တာတွေထဲက တစ်ခုခုကို အလွန်အကျွံသောက်မိရင်လည်း အမှားတွေ လုပ်မိနိုင်ပါတယ်။
မြန်မာစာပေမှာလည်း ထန်းလုပ်ငန်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေအများအပြားရှိပါတယ်။ ဥပမာ ရင်းထောင်၊ ရင်းဆွဲ၊ မြူအိုး၊ ညောင်စေးကျ၊ ကြွက်မြီးတန်း ဒီလိုအခေါ်အဝေါ်တွေ အများကြီးရှိနေပါတယ်။
ဒါ့အပြင် ထန်းရည်မူး ကျွဲခိုးပေါ် ဆိုတာလို မြန်မာစကားပုံတွေလည်းရှိပါတယ်။ ရှေးအခါက အချိန်ကို ဖော်ပြတဲ့အခါ နေထန်းတဖျားဆိုတဲ့အသုံးကိုလည်း သုံးစွဲခဲ့ကြပါတယ်။ ထန်းခေါက်ဖာ၊ ထန်းခမောက်တို့လို အသုံးအဆောင်အခေါ်အဝေါ်တွေလည်း ရှိပါသေးတယ်။
ဝန်ကြီးပဒေသာရာဇာဖွဲ့တဲ့ “နွေဦးကာလ မြူထသောအခါ၊ ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင် ၊ ရွှန်းမြိုင်မြိုင်၊ ကလိုင်လွယ်လို့ တက်သည့်နှင့်လေး”တျာချင်းကလည်း ထန်းတက်သမားမိသားစုဘဝကို ပုံဖော်ခဲ့တာဖြစ်ပါတယ်။
ဒီလိုနည်းအားဖြင့် ထန်းလုပ်ငန်းဟာ မြန်မာ့လူမှုဘဝထဲမှာ နေရာယူထားခဲ့ကြောင်း ထင်ထင်ရှားရှား သိရှိနိုင်ပါတယ်။
ဆာကေးနမူနာ
၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလထဲ ပါရာဂွေးနိုင်ငံမှာ ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ဖို့အတွက် ဆိုင်ရာတာဝန်ရှိသူတွေက အစည်းအဝေးလုပ်နေကြပါတယ်။ အဲဒီအစည်းအဝေးမှာ ဂျပန်ရိုးရာ ဆာကေးထုတ်လုပ်မှုနည်းကို ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာခံလိုက်ရတာနဲ့ တပြိုင်တည်းမှာပဲ အစည်းအဝေးတက်ရောက်နေတဲ့ ဂျပန်ကိုယ်စားလှယ်ဟာ ဂုဏ်ယူတဲ့ဟန်နဲ့ သူ့ရှေ့က ဆာကေးကို စတိသဘော တစ်ခွက်သောက် လိုက်ပါတော့တယ်။
တကယ်တော့ ဆာကေးဆိုတဲ့ ဂျပန်ရိုးရာ ဆန်အရက်တစ်မျိုးဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကြားထဲမှာတော့ ဆာကေးဆိုတာ ဆန်နဲ့အချဉ်ဖောက်ပြီးဂျပန်စတိုင်လုပ်ထားတဲ့ ဝိုင် (Japan Rice Wine) ဆိုပြီး ထင်ရှားပါတယ်။ ဂျပန်ဆာကေးမှာ အရက် Alchol ၁၀ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။
ဂျပန်မှာတော့ ဆာကေးဆိုတာ ရိုးရာအရက်ဆိုတာထက်ပိုပါတယ်။ ဂျပန်မှာ လူကြိုက်အများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး ယမကာလည်း ဖြစ်ပါတယ်။ ဂျပန်တွေဟာ ဧည်သည့်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ရိုးရာဓလေ့ပွဲတော်တွေသာမကဘဲ ဂျပန်တွေရဲ့ နေ့စဉ်လူမှုဘဝမှာ တွေ့ဆုံမှုမှာလည်း ဆာကေးက မပါမဖြစ် ပါဝင်ပါတယ်။
ဒါကြောင့်လည်း ဂျပန်တွေဟာ ဆာကေးထုတ်လုပ်မှုကို ပြည်တွင်းမှာ အမျိုးမျိုးအားပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ နှစ်စဉ် အကောင်းဆုံး ဆာကေးကို ရွေးချယ်တဲ့ ပြိုင်ပွဲကို ကျင်းပလေ့ရှိပါတယ်။ အခုဆို ပြိုင်ပွဲကျင်းပတာ အကြိမ်ပေါင်း ၁၁၀ ကျော်ရှိနေပါပြီ။ နှစ်စဉ် ပြိုင်ပွဲဝင် ဆာကေးအမျိုးပေါင်း ၁၀၀၀ နီးပါးယှဉ်ပြိုင်နေကြပါတယ်။ ဒီပြိုင်ပွဲမှာ ဆုရတဲ့ ယာမာဂါတ ခရိုင်က ဆာကေးဆိုတာ ဂျပန်မှာ နာမည်ကြီးဖြစ်ပါတယ်။
ဂျပန်တွေဟာ ဆာကေးကို ပြည်တွင်းမှာတင်မဟုတ်ဘဲ နိုင်ငံတကာဈေးကွက်ဆီ အမျိုးမျိုးချဲ့ထွင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံအလယ်ပိုင်း Niigata မြို့က ဆာကေးချက်စက်ရုံဆိုရင် လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက သူတို့ဆာကေးထုတ်လုပ်ရာ စက်ရုံဆီ ခရီးသွားဧည့်သည်တွေ လည်ပတ်ဖို့ ခွင့်ပြုထားခဲ့တာပါ။ ဒီလိုနည်းနဲ့ နိုင်ငံတကာဧည့်သည်တွေဟာ ဂျပန်ဆာကေးရဲ့ ထုတ်လုပ်ပုံနည်းစနစ်၊ ဂျပန်ဆာကေးရဲ့ အရည်အသွေးနဲ့ အကျွမ်းတဝင်ရှိစေခဲ့ပါတယ်။
နာမည်ကျော် ဂျပန်ဆာကေးအမှတ်တံဆိပ် Dasai နောက်ကွယ်က ကုမ္ပဏီဖြစ်တဲ့ Asahi Shuzo ဆိုရင်လည်း ဆာကေးမှာပါဝင်ပစ္စည်းတွေကို နိုင်ငံတကာအာကာသစခန်းကို ပေးပို့ပြီး ဆာကေးထုတ်လုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ဖြစ်မြောက်လို့ရှိရင် ၁၀၀ မီလီမီတာ ဆာကေးတစ်ပုလင်းဟာ ဂျပန်ငွေ ယန်း သန်း ၁၀၀၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၆၅၃,၀၀၀ အထိ ကျသင့်သွားမှာဖြစ်ပါတယ်။
ဒီတော့ ဂျပန်ဆာကေးကို ကမ္ဘာ့ထုတ်ကုန်အဖြစ် အဆင့်မြှင့်တာကိုကြည့်ပြီး မြန်မာတွေရဲ့ အစဉ်အလာဓလေ့ထဲမှာ စိမ့်ဝင်နေတဲ့ ထန်းရည်ကိုလည်း ယူနက်စကိုစာရင်းဝင်ပြီး ဈေးကွက်ဝင် ထုတ်ကုန်ဖြစ်အောင် လုပ်ကြမလားဆိုတာ တွေးဆစရာဖြစ်လာပါတယ်။
ကမ္ဘာ့ဈေးကွက်ဝင် မြန်မာ့ထန်းရည်
မြန်မာ့ထန်းရည်ကို ကမ္ဘာ့ဈေးကွက်ဝင်ဖြစ်အောင် ဘာတွေဘယ်လိုလုပ်လို့ရမလဲဆိုတာ ကျွမ်းကျင်သူတွေနဲ့ မြေပြင်အခြေခံ ထန်းတောင်သူတွေ တွေ့ဆုံညှိနှိုင်းပြီး စဉ်းစားကြည့်သင့်ပါတယ်။
ထန်းစိုက်တောင်သူတွေအနေနဲ့ ဘာတွေခက်ခဲနေလဲ၊ ဘာတွေကို ဖြည့်ဆည်းပေးမလဲ။ သူတို့ထန်းလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကြောင်းအခြေအနေတွေ၊ တခြားလုပ်ငန်းတွေကို ပြောင်းသွားတယ်ဆို အရင်းခံအကြောင်းရင်း ဒါတွေကို လေ့လာပြီး သုတေသနလုပ် ဖော်ထုတ်ကြရမှာဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်ဝင် မြန်မာ့ထန်းရည်ဖြစ်ဖို့ အရေးအကြီးဆုံးက ကုန်ကြမ်းရရှိဖို့နဲ့ ဈေးကွက်ရှိဖို့ပါ။ ဒီတော့ ကုန်ကြမ်းရဖို့ကတော့ ထန်းစိုက်တောင်သူတွေအဆင်ပြေမှ ဖြစ်တာကြောင့် သူတို့က ဒီစီမံကိန်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။
အရင်ဆုံးတော့ မြန်မာ့ထန်းရည်ကို ကမ္ဘာကို ထိုးဖောက်ဖို့ မကြိုးစားခင် ပြည်တွင်းမှာ စနစ်တကျ ထုတ်လုပ်နိုင်အောင် ၊ ဈေးကွက်ဝင်ပစ္စည်းဖြစ်အောင် ကြိုးပမ်းရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းဈေးကွက်မှာ ထန်းရည်ကို ဘီယာလိုမျိုး ဘူးနဲ့ထုတ်လုပ်နေတဲ့ “မြူ”အမှတ်တံဆိပ် ထန်းရည် ပေါ်ထွက်နေပါပြီ။
ဒီလိုမျိုး ထန်းရည်ကို Local Product ဖြစ်အောင် လုပ်တာမျိုးကို များများအားပေးရပါမယ်။ ပြည်တွင်း ဈေးကွက်ကျယ်ပြန့်အောင် နိုင်ငံတော်ဘက်က ထောက်ပံ့ကူညီပေးရပါမယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်တုန်းက ထန်းပင်တွေကို တရုတ်လုပ်ငန်းရှင်တွေက ပုတ်ပြတ်ဝယ်ယူတာလိုမျိုးကိုလည်း ဟန့်တားနိုင်ရပါမယ်။
ထန်းရည် ထုတ်လုပ်တဲ့လုပ်ငန်းတွေ များများပေါ်ထွက်လာအောင် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းကျောင်းတာတွေ၊ ကူညီအားပေးတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ထန်းရည်ဟာ မြန်မာနိုင်ငံမှာပဲ ရှိတာမဟုတ်တဲ့အတွက် တခြားနိုင်ငံတွေရဲ့ ဥပမာတွေကိုလည်း လေ့လာရမှာဖြစ်ပါတယ်။
ဒါမှလည်း ဘီယာအစားထိုးအဖြစ် ထန်းရည်ဟာ ပြည်တွင်းပြည်ပဈေးကွက်မှာ တွင်ကျယ်လာမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာမှာပဲ လုပ်နေတာမဟုတ်ဘဲ ဂျပန်မှာ ဆာကေး၊ ကိုရီယားမှာ ဆိုဂျူး ဆိုပြီး ဒီလိုပဲ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ မြန်မာ့ထန်းရည်က ယူနက်စကိုစာရင်းဝင်ဖြစ်ဖို့ ကမ္ဘာ့ဈေးကွက်ဝင်ထုတ်ကုန်ဖြစ်ဖို့ ဘာတွေ အားသာချက်များရှိပါသလဲ။ ပထမဆုံးပြောရရင်တော့ မြန်မာ့ထန်းရည်ဟာ မြန်မာ့လူမှုဘဝထဲမှာ နှစ်ပေါင်းရာနဲ့ချီပြီး စိမ့်ဝင်နေခဲ့တာဖြစ်ပါတယ်။
ပြီးတော့ ကျေးလက်မှာ ထန်းရည်ထုတ်လုပ်မှုနည်းစနစ်ဟာ အတော်ကိုပဲ သဘာဝနည်းစစ်စစ်ဖြစ်ပါတယ်။ ဒီနေ့အခေါ်ပြောမယ်ဆိုရင် Organic စစ်စစ်လို့ပြောရမယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ထန်းနို့ကို ဓားနဲ့ဖြတ်၊ တစက်စက်ကျလာတဲ့ ထန်းရည်ကို (မြူ) အိုး ဒါမှမဟုတ် ဝါးကျည်တောက်နဲ့ ညအိပ်ခံထားရပါတယ်။ နောက်မနက်ရောက်တဲ့အခါ ထန်းရည်ရပါပြီ။ ထန်းရည်မှာ အချိုနဲ့အခါး နှစ်မျိုးရှိပြီး မနက်ပိုင်းက အချို၊ နေ့လယ်ကျော်ရင်တော့ အခါးရည်ဖြစ်သွားပါတယ်။ အချိုပဲဖြစ်ဖြစ်၊ အခါးပဲဖြစ်ဖြစ် ထန်းရည်ထုတ်လုပ်မှုက သဘာဝနည်းပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ထန်းရည်ကရတဲ့ ကျန်းမာရေးကောင်းကျိုးတွေပါ။ ထန်းရည်ဟာ နှလုံးသွေးကြော ကျန်းမာရေးကို မြှင့်တင်ပေးတယ်။ အမြင်အာရုံကို ပိုကောင်းစေတယ်။ ကင်ဆာတိုက်ဖျက်ဖို့ ကူညီပေးတယ်။ ဆံပင်နဲ့ အသားအရေကို ကျန်းမာစေတယ်။ အသည်းရောဂါကိုလည်း သက်သာစေသလို ဆီးသွားရတာကိုလည်း ကောင်းမွန်စေတဲ့ဆိုတဲ့ ကျန်းမာရေးကောင်းကျိုးတွေရှိပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေ ထန်းရည်ထဲမှာ ပါဝင်နေပါတယ်။ ဗီတာမင်စီ၊ ဗီတာမင် ဘီဝမ်းတွေပါဝင်တာကြောင့် ထန်းရည်က အထက်မှာပြောခဲ့သလို အမြင်အာရုံကို ပိုပြီး အားကောင်းစေပါတယ်။ ကျန်းမာရေးအရ ဒီထက်ပိုပြီး စနစ်တကျရှိအောင် သုတေသနတွေ ထပ်လုပ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဒါမှလည်း လူတွေက ပိုပြီးစိတ်ဝင်စားလာမှာဖြစ်ပါတယ်။
နောက်ပြီး ထန်းလုပ်ငန်းနဲ့ပတ်သတ်တဲ့ Eco-Tourism ဆိုတာမျိုးကိုလည်း စဉ်းစားကြည့်လို့ရပါသေးတယ်။ ကိုယ်တိုင်ထန်းတက်ချင်တဲ့ ခရီးသွားတွေကို ဘယ်လို ဝန်ဆောင်မှုပေးမလဲ။ ထန်းရည်ထုတ်လုပ်မှုကို စိတ်ဝင်စားတဲ့ ခရီးသွားတွေကို ဘယ်လို လိုက်လံရှင်းပြမလဲ။ ကိုယ်တိုင် ထန်းရည်ထုတ်လုပ်တာကို စိတ်ဝင်စားတဲ့ ခရီးသွားတွေအတွက်ရော ဘယ်လိုစီစဉ်နိုင်မလဲ။ ထန်းတောတွေကြားထဲက လူမှုဘဝတွေကို ဘယ်လိုဖော်ထုတ်တင်ပြမလဲ။ ဒါမျိုးတွေကအစ စဉ်းစားကြည့်နိုင်ပါတယ်။
ဒါ့အပြင် ထန်းနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို အမှတ်တရ ရောင်းချတာ၊ ထန်းနဲ့ပတ်သက်တဲ့ အစားအသောက်တွေ၊ ထန်းရည်နဲ့ တွဲဖက်စားသုံးနိုင်တဲ့ အစားအသောက်တွေဖြစ်လာအောင် နိုင်ငံတကာကလည်း လက်ခံလာအောင် ဘယ်လိုလုပ်မလဲဆိုတာမျိုးကို ဝိုင်းဝန်းစဉ်းစား ကြည့်ကြရမှာဖြစ်ပါတယ်။ အစားအသောက်နဲ့ပတ်သက်ရင်တော့ မြန်မာအစားအသောက်တွေဟာ Hygiene ညံ့တယ်လို့ဝေဖန်ခံရတာဖြစ်လို့ ဒီအတွက်ကတော့ အထူးတလည်စီစဉ်သင့်တာဖြစ်ပါတယ်။
ဒီလိုမျိုး စနစ်တကျနဲ့ Supply Chain တစ်ခုလုံးကို လိပ်ပတ်လည်အောင် စီမံကိန်းချ ဆောင်ရွက်မယ်ဆိုရင် မြန်မာ့ထန်းရည်ဟာလည်း ကမ္ဘာ့ဈေးကွက်ဝင် ထန်းရည်ဖြစ်လာနိုင်စရာ ရှိလာပါတယ်။
ဒီလောက်လွယ်သလားဆိုရင်တော့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း ဘယ်ထုတ်ကုန်ကမှ နိုင်ငံတကာဈေးကွက်ကို ခပ်လွယ်လွယ်ရောက်တယ်ဆိုတာ မရှိပါဘူး။ သို့သော်လည်း လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှု၊ နည်းလမ်းတကျလုပ်ဆောင်မှုနဲ့ အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်အောင် ကြိုးပမ်းကြမှပဲ အောင်မြင်မှုရရှိကြမှာ ဖြစ်ပါတယ်။
အောင်မြင်မှုရဖို့ ပထမဆုံးခြေလှမ်းကတော့ နည်းနည်းခက်ပါလိမ့်မယ်။ ဒါပေမဲ့ လှမ်းကြည့်ဖို့တော့ လိုအပ်ပါတယ်။
ဟန်သစ်အိမ် (Y3A)
Read More:
Build Myanmar - MediaY3A
Build Myanmar - MediaY3A
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media