ဧကတစ်ရာဆိုတာ မြန်မာပြည် ကျားဖြန့်လုပ်ငန်းမှာ ထင်ရှားပါတယ်။ အဲဒီမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက လုံခြုံရေးယူပေးထားပါတယ်။ တကယ်တမ်းကျ လက်နက်ကိုင်တွေ လုံခြုံရေးယူပေးနေတာက အဲဒီအထဲက ဝန်ထမ်းတွေအတွက် စိုးရိမ်လို့မဟုတ်ပါဘူး။ ကျားဖြန့်လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားအတွက်ပါ။ ကျယ်ဝန်းတဲ့ ခြံဝန်းကြီးထဲမှာတော့ အလုပ်သမားတွေရဲ့ ဘဝတွေဟာ တစ်ထောင့်တစ်ညပုံပြင်ထက်တောင် စိတ်ဝင်စားစရာကောင်းတာ အမှန်ပါ။
ကျားဖြန့်မှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ကြတာပုံစံနှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ ကျွန်တော်တို့လို လစာကောင်းလို့သွားလုပ်ကြသူတွေပါ။ နောက်တစ်မျိုးကတော့ အဲဒီလိုမဟုတ်ပါဘူး။ လူကုန်ကူးခံရပြီး မျှော်လင့်ချက်မဲ့ရောက်လာကြသူတွေပဲ ဖြစ်ပါတယ်။
ငရဲခန်းက သားကောင်များ
ကျားဖြန့်မှာ ဝင်ရောက်လုပ်ကိုင်ပေးနေရတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ် ၊ အင်ဒို ၊ မလေးရှားနဲ့အိန္ဒိယနိုင်ငံတွေဟာ လူကုန်ကူးခံရပြီးတော့မှ ဒီကိုရောက်ရှိလာကြတာပဲ ဖြစ်ပါတယ်။ ဒါက ဒီ ဧက ၁၀၀ မှာမှမဟုတ်ပါဘူး။ ကျားဖြန့်လုပ်ငန်းတိုင်းဟာ လူကုန်ကူးမှု၊ မှောင်ခိုမှု၊ လက်နက်ခဲယမ်းမှု ၊ လောင်းကစားမှု ဒါတွေနဲ့ ချိတ်ဆက်နေတာပါ။
လူကုန်ကူးခံရပြီးရောက်လာတဲ့ ဝန်ထမ်းတွေဟာ ခိုင်းတာ လုပ်၊ ကျွေးတာ စား၊ ပေးတာ ယူနဲ့ တင်းကြပ်တဲ့ခေတ်သစ်ငရဲခန်းမှာ ကျရောက်နေကြရတာပါ။ ကျွန်တော်တို့လို အလုပ်လိုချင်လို့ လာရောက်လုပ်ကိုင်ကြသူတွေနဲ့ အခွင့်အရေးလည်းမတူသလို ဆက်ဆံခံရပုံကလည်း မတူပါဘူး။
သူတို့ရဲ့ အလုပ်ချိန်က ည ၈နာရီ ခွဲ ကနေ နောက်နေ့ နေ့လယ် ၁၂ နာရီခွဲ အထိ ၁၆ နာရီ အလုပ်လုပ်ကြရတာဖြစ်ပါတယ်။ အဲဒီအချိန်အတိုင်း ပိတ်ရက်မရှိ အလုပ်လုပ်ကြရပါတယ်။ လစာလည်း မရပါဘူး။ ဒါပေမဲ့ ငွေလိမ်နိုင်ရင် လိမ်နိုင်တဲ့ အမေရိကန်ဒေါ်လာငွေပမာဏကို ထိုင်း ဘတ်ငွေနဲ့ပြောင်းပြီး ၂၀ ရာခိုင်နှုန်း ကော်မရှင်ခ ရပါတယ်။ ဥပမာ ဒေါ်လာ တစ်သိန်း လိမ်နိုင်ရင် ၂၀ ရာခိုင်နှုန်းဆိုတော့ ဒေါ်လာ နှစ်သောင်းကော်မရှင်ရပါတယ်။ ဒါပေမဲ့ ဒေါ်လာရတာမဟုတ်ဘဲ ထိုင်းဘတ်ငွေ ပေးတာဖြစ်တာကြောင့် တန်ဖိုးအားဖြင့် အလွန်ကွာသွားတာဖြစ်ပါတယ်။
အဲဒီလိုများပြားတဲ့ အလုပ်ချိန်အတွင်း အိပ်ငိုက်မိလို့ လုံခြုံရေး သိသွားရင် လျှပ်စစ်တုတ်နဲ့ထိုးပြီး နှိပ်စက်ခံရပါတယ်။ အလုပ်ချိန်အတွင်းရော အလုပ်ချိန်ပြီးတဲ့အချိန်မှာရော ကိုယ်ပိုင်ဖုန်းကို လုံးဝသုံးခွင့်မရှိပါဘူး။ လုပ်ငန်းသုံး ကွန်ပြူတာမှာ လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ စကားတွေ ပြောမိထားတယ် ဒါမှမဟုတ် ပြင်ပလူတစ်ဦးဦးနဲ့ ချိတ်ဆက်ပြောဆိုနေတယ်ဆိုရင်တော့ သေလုမျောပါး ရိုက်နှက်ခံရမည့်အပြင် အလွန်ကျဉ်းမြောင်းတဲ့ ထောင်လိုအခန်းထဲမှာ တိုက်ပိတ်ခံထားရမှာ ဖြစ်ပါတယ်။
ခေတ်သစ်ငရဲခန်း
ဒါဟာ ခေတ်သစ်ငရဲခန်းပါပဲ။ အကြောင်းသင့်တော့လည်း အဲဒီငရဲခန်းအကြောင်း နည်းနည်း ပြောပြချင်ပါသေးတယ်။ ဒီငရဲခန်းကို အလုပ်သမားတိုင်းကြောက်ကြပါတယ်။ မကြောက်ဘဲ နေမလားဗျာ။ အဲဒါအခန်းက ၆ ပေပတ်လည်ပဲရှိတယ်။ ၂၄ နာရီ မှောင်မည်းတိတ်ဆိတ်နေတာ။ အခန်းထဲမှာလည်း ကုတင်တစ်လုံးရှိတယ်။ လူကိုလည်း မျက်လုံးကို အဝတ်မည်းကြီးနဲ့ စည်းထားပါသေးတယ်။ ပြီးတော့ လက်တွေခြေထောက်တွေကို သံကြိုးနဲ့ ချည်နှောင်ထားတာပါ။ ဒါကြောင့် အိပ်ဖို့မဆိုထားနဲ့ လှဲလို့တောင်မရပါဘူး။ အခင်းအကြီးအခင်းငယ်သွားဖို့အတွက် သံပုံးတစ်လုံးနဲ့ တစ်ရှူးတစ်ထုပ်ပေးထားပါတယ်။ တစ်ရက်ကို ပေါက်စီ ၂ လုံးနဲ့ ၃၃၀ မီလီလီတာ ရေသန့်ဘူး ၂ ဘူးပေးပါတယ်။ အဲဒီလူကိုလည်း CCTV ကနေ ၂၄ နာရီစလုံး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
စကားစပ်လို့ပြောရရင် ညှင်းဆဲနည်းတွေကလည်း မျိုးစုံပါ။ လျှပ်စစ်ရှော့တိုက်တာ၊ ရာဘာတုတ်နဲ့ရိုက်တာ၊ ဖုန်းအားသွင်းကြိုး ၅ ခုလောက်နဲ့ ရိုက်တာ၊ ဟောခန်းကျယ်ပြီးထဲ ၂ ရက်လောက် မရပ်မနားလမ်းလျှောက်ခိုင်းတာ၊ ဖားလို ခုန်ဆွခုန်ဆွသွားခိုင်းတာ၊ နေပူကျဲကျဲမှာ ၂၀ လီတာ ရေသန့်ဘူးကြီးကို တနေကုန်ထမ်းပြီး မတ်တပ်ရပ်ခိုင်းထားတာ။ အင်မတန်ခါးတဲ့ ကြက်ဟင်းခါးသီးတွေကို အစိမ်းလိုက်ဝါးစားခိုင်းတာ...ညှင်းပန်းနှိပ်စက်နည်းကတော့ မျိုးစုံပါရဲ့။
ဒါတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတော့ ငါးလွှာကနေ ခုန်ချတာ၊ လက်လွန်ခြေလွန်အရိုက်ခံရပြီး သေသွားတာ၊ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထွက်ပြေးဖို့ ကြံစည်တာတွေနဲ့ပေါ့။ နောက်ဆုံးမရရင်တော့လည်း ထူးဆန်းတဲ့သတ်သေနည်းမျိုးစုံနဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ကြတော့တာပါပဲ။
ChatGPT ကြောင့်သေပွဲဝင်ရတဲ့ လူ
ရှောင်းလီဆိုကတည်းက တရုတ်လူမျိုးမှန်း စာဖတ်သူ ခန့်မှန်းမိလောက်ပါပြီ။ သူက ဧက ၁၀၀ မှာ ကျွန်တော်နဲ့ လုပ်ငန်းတူ၊ လုပ်ဖော်ကိုင်ဖက်ပါ။ သူကတော့ Chatting ပိုင်းကပေါ့လေ။ တစ်နေ့တော့ ရှောင်းလီတစ်ယောက် ငွေလိမ်ဖို့ ပစ်မှတ်ထားတဲ့ အမေရိကန်အမျိုးသားတစ်ယောက်နဲ့ စကားပြောနေပါတယ်။ ဒါက ပုံမှန်လုပ်နေကြ အလုပ်ပါ။ အဲဒီအမေရိကန်ကလည်း အတော်လေးချမ်းသာပါတယ်။ သူ့ကိုအမိဖမ်းဖို့ ရှောင်းလီ WhatsApp ကနေ စကားပြောနေတာ အတော်ကြာနေပါပြီ။
ဒါတွေဘာလို့ကျွန်တော်ကသိလဲဆိုတော့ အဲဒီအမေရိကန်လူမျိုးကို ကျွန်တော်ကိုယ်တိုင် LinkedIn ကမိတ်ဆက်၊ အချက်အလက်တွေရအောင်တောင်းပြီး ရှောင်းလီဆီ လွှဲပေးခဲ့လို့ပါ။ ကျွန်တော်က Finding ဆိုတော့ ဒါတွေလုပ်ရတာပေါ့။ ရှောင်းလီက Chatting ဆိုတော့ သူက ဆက်ပြီး စကားပြော၊ ငွေလိမ်လို့ရအောင် စည်းရုံးနေတာပါ။
အဲဒီ အမေရိကန်ကလည်း အတော်ပါးနပ်ပြီး ချဉ်းကပ်ရ ခက်ပါတယ်။ ဒါပေမဲ့ ရှောင်းလီတစ်ယောက် Google Translate၊ ChatGPT တို့အကူအညီနဲ့ စကားပြောတာ အတော်လေး ခရီးရောက်နေပါပြီ။ Website ကို ငွေထည့်ဖို့ကလဲ ၉၀ ရာခိုင်နှုန်းလောက်အထိ အခြေအနေကောင်းနေပါပြီ။ ရှောင်းလီရဲ့ ခေါင်းဆောင်ကလည်း အခြေအနေကိုစောင့်ကြည့်ပြီး စကားပြောတဲ့အခါ အမှားမပါဖို့ ထပ်တလဲလဲမှားနေတာကို ကြားခဲ့ရပါတယ်။
ဒါပေမဲ့ အင်္ဂလိပ်စာကို အေ၊ ဘီ၊ စီ၊ ဒီ လောက်တောင်မတတ်တဲ့ ရှောင်းလီတစ်ယောက် သူရဲ့ ပေါ့ဆမှုကြောင့် စာတစ်ကြောင်းပိုသွားလို့ အသက်ပေးခဲ့ရတယ်ဆိုရင် စာဖတ်သူတို့ ယုံနိုင်မယ်မထင်ဘူး။
အဖြစ်က ဒီလိုပါ။ အင်္ဂလိပ်စာမတတ်တဲ့ တရုတ်တွေ Chatting လုပ်တဲ့အခါ အရင်ဆုံး Google Translate မှာ တရုတ်လိုရိုက်ပြီး အင်္ဂလိပ်လိုပြောင်းပါတယ်။ ရလာတဲ့ အင်္ဂလိပ်စာကို ChatGPT မှာ ထည့်။ ပြီးရင် Change this sentence to grammatical and attractive talk : လို့ ရိုက်လိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ ကိုယ်ပြောချင်တဲ့စကားကို Google Translate က ပြောင်းပေးပေမဲ့ အဲဒီစာက အင်္ဂလိပ်စာမတတ်တဲ့လူတစ်ယောက် ရေးထားသလိုဖြစ်နေတဲ့အတွက် Chat GPT ကို ဂရမ္မာနည်းကျကျ၊ ဆွဲဆောင်မှုရှိတဲ့စာ ပြောင်းပေးပါဆိုပြီး ခိုင်းလိုက်တာပါ။ ChatGPT ကလည်း ရှောင်းလီလိုချင်တဲ့အတိုင်း ပြောင်းပေးရှာပါတယ်။
ရှောင်းလီသတိမထားမိတာက ChatGPT က သူပြောင်းပေးလိုက်တဲ့စာဟာ ဂရမ္မာနည်းကျဖြစ်ပြီး ဆွဲဆောင်မှုရှိကြောင်း အောက်ခြေမှာ “Absolutely, That is attractive and grammatically “ ဆိုပြီး စာထိုးပေးလိုက်တာပါ။ အင်္ဂလိပ်စာမတတ်တဲ့ ရှောင်းလီကတော့ ဒါတွေ မသိဘဲ စာအကုန် ကော်ပီကူးပြီး ဟိုဖက်ကိုပို့လိုက်တာပေါ့။
အဲဒီလိုပို့လိုက်တော့ နဂိုကတည်းက ပါးနပ်တဲ့အမေရိကန်အမျိုးသားကလည်း ရှောင်းလီဟာ လူလိမ်မှန်းမသင်္ကာဖြစ်ပြီး ချက်ချင်းပဲ Block သွားပါတော့တယ်။ ကံဆိုးမှုဟာ ရှောင်းလီဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။
ဟုတ်ပါတယ်။ အဲဒီနေ့မှာပဲ ရှောင်းလီကို သူ့ခေါင်းဆောင်နဲ့ လုံခြုံရေးတွေက ဝိုင်းရိုက်ပြီး အချုပ်ခန်းထဲထည့်ထားလိုက်ပါတယ်။ ဘယ်လောက်တောင် အရိုက်ခံရလည်းဆို ရှောင်းလီတစ်ယောက် အခန်းကျဉ်းထဲမှာ သွေးထွက်လွန်ပြီး လူမသိ၊သူမသိ သေဆုံးသွားခဲ့ရတာကို နောက်နေ့မနက်မှာ ကျွန်တော်တို့ သိခွင့်ရခဲ့ပါတယ်။
တစ်ခါတုန်းက ရှောင်းလီက ကျွန်တော့်ကို Skype ကနေ မေးဖူးတယ်။ “ခင်ဗျားဖုန်း ဟွာဝေးမလားတဲ့။ အလုပ်ပြီးတဲ့အချိန် ခင်ဗျားအခန်းကို လာလို့ရမလား”တဲ့။ ဒီလိုနဲ့ သူရောက်လာပြီး ကျွန်တော့်ဟွာဝေးဖုန်းကိုယူ ၊ သူရဲ့ Huawei Cloud ထည့်ပြီး သူ့မိန်းမနဲ့ ငါးနှစ်အရွယ်သမီးလေး ပုံတွေကို အလွမ်းပြေကြည့်တော့တာပါပဲ။ အဲဒီလိုကြည့်ရင် ပါးစပ်ကလည်း သူ့မိသားစုကို လွမ်းကြောင်း ပြောတာထင်ပါရဲ့။ ကျွန်တော့်ကို တတွတ်တွတ်နဲ့ ရှင်းပြနေတာ။ သူပြောတဲ့ တရုတ်စကားကိုနားမလည်ပေမဲ့ သူ့ခံစားချက်ကို ကျွန်တော်မျှဝေခံစားနိုင်ပါတယ်။
အခုတော့ ရှောင်းလီတစ်ယောက် သူ့မိသားစုရှိရာဆီ ပြန်မရောက်နိုင်ရှာတော့ပါဘူး။
ချီချီ သို့မဟုတ် ခေတ်သစ်လိင်ကျွန်
မလေးရှား ပညာတတ်အသိုင်းအဝိုင်းက မွေးဖွားလာခဲ့တဲ့ မလေး-တရုတ် ကပြားမလေး ချီချီ။ သူက မလေးရှားအစိုးရတက္ကသိုလ်ကနေ ဘွဲ့ရတယ်။ မလေး၊ တရုတ်နဲ့ အင်္ဂလိပ် ဘာသာစကား ၃ မျိုးတတ်တယ်။ ဒီလိုနဲ့ အလုပ်ရှာတော့ ထိုင်းမှာ စကားပြန်အလုပ်က လစာကောင်းတယ်ဆိုလို့ ဘန်ကောက်ကို ရောက်လာခဲ့သူ။ ဘန်ကောက်ရောက်တော့ အလုပ်ရှိတဲ့နေရာသွားရမယ်ဆိုပြီး မှန်လုံကားပေါ်မှာ တရုတ်၊ အိန္ဒိယလူမျိုးတွေနဲ့အတူ လိုက်လာခဲ့တယ်။ နောက်တော့ သူတို့မျက်လုံးတွေကို အဝတ်မည်းတွေနဲ့စည်းတာ ခံလိုက်ရပါတော့တယ်။
အလုပ်ထဲရောက်ပြီဆိုတာနဲ့ ချီချီရဲ့ ပတ်စ်ပို့၊ စာရွက်စာတမ်းတွေနဲ့ ဟမ်းဖုန်းတွေပါ အသိမ်းခံလိုက်ရတယ်။ ချီချီကိုလည်း အမှောင်ခန်းထဲ ထည့်ထားလိုက်တာပဲ။ ၂ ရက်လောက်ကြာတော့ တရုတ်တစ်ယောက်လာခေါ်ပြီး သူ့ကို အလုပ်အကြောင်းရှင်းပြ၊ ရူးကြောင်ကြောင် မေးခွန်းတွေ မေးတော့တာပဲ။ အဲဒီတော့မှ သူလည်း လူကုန်ကူးခံရမှန်း သိတော့တာပေါ့။ သူ့ဘဝဆိုးတယ်ဆိုတာ ဒီမှာတင်မပြီးသေးပါဘူး။ အဲဒီမှာ သူ့ကို တရုတ်လူမျိုး ငါးဦးကျော်က လိင်အကြမ်းဖက်ခဲ့ကြသေးတယ်။ အဲဒါက ၃ လလောက်ကြာတယ်လို့ ချီချီက ပြန်ပြောပြတယ်။ ပြီးတော့ သူ့ကို လက်လွှဲရောင်းချလိုက်ကြတာ တစ်နှစ်လောက်ကြာတော့မှ မြန်မာနိုင်ငံကိုရောက်နေမှန်း သူ့ကိုယ်သူ သိပါတော့တယ်။
နောက်ဆုံးတော့ ချီချီတစ်ယောက် လွတ်မြောက်ဖို့မကြိုးစားတော့ဘဲ ရှင်သန်ရပ်တည်ဖို့အတွက် လမ်းကိုပဲ ရွေးလိုက်ပါတယ်။ ဘယ်လောက်တောင် နှိပ်စက်ခံထားရလဲဆို သူမရဲ့ လက်နဲ့ ပေါင်တွေမှာ လျှပ်စစ်လျှော့တိုက်တုတ်ကြောင့် အပူလောင်ထားတဲ့ အညိုကွက်တွေကို တခါတရံ မြင်ရပါတယ်။ ဒီအဖြစ်တွေကလည်း သူနဲ့ကျွန်တော်က လုပ်ငန်းခွင်တူပြီး ရင်းနှီးတာကြောင့် ပြောပြတာတွေပေါ့ဗျာ။
ဒီစာရေးနေတဲ့အချိန်မှာတော့ ချီချီတစ်ယောက် ဒီအလုပ်မှာ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၂ လ လောက်ကပဲ နောက်တရုတ်သူဌေးတစ်ယောက်က ဝယ်လို့ KK Park ဘက် ပြောင်းသွားပါလေရဲ့။
ပျောက်သောလမ်းမှာ စမ်းတဝါးဝါး
ကျွန်တော်တို့ကုမ္ပဏီတစ်ခုတည်းတင် တစ်လကို ကန်ဒေါ်လာ ၃ သန်းလောက် ဝင်ငွေရှိတယ်။ မြဝတီတဝိုက်မှာ ဒီလိုအလုပ်ရုံက ၅၀ လောက်တောင် ရှိတာဗျာ။ ငွေတစ်ခါဝင်တိုင်း ကျွန်တော်တို့တီးလိုက်တဲ့ လက်ခုပ်သံတွေက အလိမ်ခံရသူတွေရဲ့ ဝမ်းနည်းမှုကို လှောင်ပြောင်နေသလို ဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။
ဒါဖြင့် “ခင်ဗျား အဲဒီမှာ ဘာလို့ဆက်လုပ်နေသေးလဲ”လို့ မေးချင်မှာပေါ့။
“ဟုတ်ပါတယ် အစပိုင်းတော့ ကျွန်တော်ရတဲ့ လစာအပေါ်မှာ ကျွန်တော်လည်း စိတ်မသန့်ပါဘူး။ သန့်ရှင်းတဲ့ငွေလို့လည်း မခံစားရပါဘူး။ ကြာလာတာနဲ့အမျှ ဒါဟာ အလုပ်ပဲလို့ ခံစားလာနိုင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ငွေမလိမ်ဘူး။ ဒါပေမဲ့ သွယ်ဝိုက်ပြီးတော့ ပါဝင်ပတ်သက်နေပါတယ်။လူတစ်စု ကောင်းစားဖို့အတွက် အသက်တွေ ၊ ဘဝတွေ ပေးဆပ်နေတာ မထိုက်တန်ပါဘူး ။ ဓါတ်ပုံရိုက် ၊ စာတွေရေးပြီးတိုင်ကြားရအောင်လည်း ကျွန်တော်တို့ နိုင်ငံကအကြီးအကဲတွေက သူ့တို့ကိစ္စနဲ့သူတို့ အလုပ်ရှုပ်နေကြပြီးသား။ အာဏာပိုင်တွေကိုယ်တိုင်ကလည်း ဒီကိစ္စတွေကို မသိတာလည်း မဟုတ်ပါဘူး ။ သူတို့အတွက် ငွေတွင်းကြီးကို မသိဘဲနေပါ့မလားခင်ဗျာ။ နိုင်ငံတကာက ဖိအားပေးတာလောက်နဲ့တော့ ဒီကအာဏာပိုင်တွေက ဟန်ဆောင် ဖမ်းဆီး ပြတာလေးတွေနဲ့ ရုပ်ရှင်ရိုက်ပြနေအုံးမှာပဲ။ ဒီနေရာတွေဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေဆီက အနည်းဆုံး နှစ် ၃၀ ကနေ နှစ် ၅၀ အထိ သက်တမ်းရှိတဲ့ စာချူပ်တွေနဲ့ ငှားရမ်းထားကြတာပါ။
ကျားဖြန့် တရုတ်ခေါင်းဆောင်တွေကတော့ စာချုပ်အသစ်တွေချုပ်၊ အဆောက်အဦးတွေ ဆောက်ပြီး ငွေလိမ်လုပ်ငန်းတွေကို ဆက်လက်တိုးချဲ့နေကြတုန်းပါပဲ ။ ခုချိန်မှာ ကျွန်တော်တို့ နိုင်ငံတော် သီချင်းထဲက စာသားဖြစ်တဲ့ “ ဒါ တို့ ပြည် ၊ ဒါတို့မြေ တို့ပိုင်တဲ့မြေ “ ဆိုတဲ့ စာသားကို သီဆိုဖို့ ခပ်ရဲ့ရဲ့ ပြုံးမိပါသေးတယ်။
ကျွန်တော်က စာရေးဆရာ တစ်ယောက်လည်း မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ သားကောင်ရှာ အလုပ်စားပွဲက ကွန်ပြူတာရှေ့ကို ရောက်တာနဲ့ ကမ္ဘာပေါ်က လူတွေ အလိမ်မခံရဖို့နဲ့ ဘေးကင်းဖို့ အရင် ဆန္ဒပြုလိုက်ပါတယ်။ ပြီးရင်တော့ ကျွန်တော် လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်။
“ဟော စာရေးရင်းနဲ့ သံကြိုးအသံကြားရတယ် ၊ အချူပ်ခန်းထဲက လူတစ်ယောက် ဒဏ်ရာဗလပွနဲ့ အပြင်ထွက်လာရပြီ ထင်ပါရဲ့”
ယခုဆောင်းပါးမျိုးဖတ်ရှုရသည်ကို နှစ်သက်သည်ဆိုလျှင် အောက်ပါဆောင်းပါးများကိုလည်း ဖတ်ရှုကြည့်ရန် ကျွန်ုပ်တို့က recommend ပေးပါသည်။
ဆက်စပ်ဖတ်ရှုလိုလျှင် -