သမိုင်းစဉ်အဆက်ဆက် အဖြေထွက်ပြီးသား ပုစ္ဆာတစ်ပုဒ်ကို ဒီနေ့ခေတ် မြန်မာနိုင်ငံက လူတွေက ပြန်တွက်နေကြပါတယ်။ အဲဒီပုစ္ဆာကတော့ “ပညာရှာမလား၊ ငွေရှာမလား။ ပညာက အရေးကြီးလား၊ ငွေက အရေးကြီးလား”ဆိုတဲ့ ပုစ္ဆာပါ။ အဖြေထွက်ပြီးသား ပုစ္ဆာတစ်ပုဒ်ကို လူတွေ ဘာလို့ ပြန်တွက်ချင်နေကြတာ ပါလဲ။ 

ဒီနေ့ခေတ် မြန်မာနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ပညာရှာမလား၊ ငွေရှာမလားဆိုတဲ့ မေးခွန်းက အကျယ်ပြန့်ဆုံး ဒီဘိတ်ပါ။ တချို့က ပညာရှာတာပိုအရေးကြီးတယ်ဆိုကြသလို တချို့လည်း ငွေရှာတာက ပိုအရေးကြီးတယ်လို့ မြင်ကြပါတယ်။ ကြည့်မြင်တဲ့ ရှုထောင့်ပေါ်လိုက်ပြီး အဲဒီလိုအဖြေတွေက အမျိုးမျိုးထွက်နေပါတယ်။ 

ဒီတော့ ပညာဆိုတာက ဘာလဲ၊ ငွေဆိုတာကရော ဘာလဲ။  ပညာနဲ့ငွေ ဘယ်ဟာက ပိုအရေးကြီးလဲ။ ပိုအသုံးဝင်လဲဆိုတဲ့ ဒီလိုမေးခွန်းတွေရှိလာပါတယ်။ အထူးသဖြင့် စနစ်မကောင်း၊ နိုင်ငံမတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာနေထိုင်ကြရတဲ့ လူငယ်တွေအတွက် ဒီမေးခွန်းက တကယ်ပဲ လိုအပ်ပါတယ်။ 

ပညာရဲ့သဘော 

ပညာရဲ့ အနက်ကို ပြောကြတဲ့အခါမှာ မိလိန္ဒမင်းနဲ့ နာဂသေနတို့အကြောင်း သတိရစရာဖြစ်ပါတယ်။ ဇဗ္ဗူဒိပ်ကျွန်းက ပညာရှင်တွေကို မေးခွန်းတွေနဲ့ နှိပ်စက်သလိုဖြစ်အောင် လုပ်နိုင်တဲ့ ၊ အင်မတန် ဉာဏ်ကြီးတဲ့ မိလိန္ဒမင်းက သူ့ထက်ပညာဉာဏ်ကြီးတဲ့ နာဂသေနမထေရ်နဲ့ တွေ့တဲ့အခါ “ပညာရဲ့သဘောဟာ ဘယ်သို့ရှိသနည်း”ဆိုပြီး မေးပါတယ်။ နာဂသေနမထေရ်က ပညာရဲ့သဘောဟာ “ပိုင်းခြားခြင်း အနက်ရှိတယ်”လို့ ဖြေပါတယ်။ 

ဒီနေရာမှာ ပိုင်းခြားတယ်ဆိုတာက အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုး ဒါတွေကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား ပိုင်ပိုင်နိုင်နိုင် ကျကျနန သိတာကို ဆိုလိုတာပါ။  အဲဒီလိုသိတဲ့လူကို ပညာတတ်တယ်လို့ အလွယ်မှတ်လို့ရပါတယ်။ 

ပညာမှာလည်း အမျိုးမျိုးရှိပါတယ်။ အသိပညာ၊ အတတ်ပညာ(ဝါ) အသက်မွေးဝမ်းကျောင်းပညာဆိုပြီး ရှိပါတယ်။ ပြီးတော့ ပညာရဲ့သဘောကလည်း အင်မတန်ကျယ်ပြန့်တဲ့သဘောရှိပါတယ်။ ပညာဆိုတာ တတ်ပြီလို့ကိုမဆိုနိုင်တဲ့ အရာမျိုးပါ။ ဒါကြောင့် လူ့ဘဝဟာ တသက်လုံးလေ့လာသင်ယူနေရတယ်ဆိုပြီး ပြောကြပါတယ်။

အတန်းပညာသည် ပညာလော

ဒီနေ့ မြန်မာနိုင်ငံမှာ ကျောင်းသားကျောင်းသူတွေ၊ လူငယ်တွေဟာ အစိုးရအတန်းကျောင်း၊ ပုဂ္ဂလိက အတန်းကျောင်းတွေ တက်နေကြပါတယ်။ အတန်းကျောင်းက ဘာတွေသင်ပေးပါသလဲ။ 

အတန်းကျောင်းတွေရဲ့ မူလရည်ရွယ်ချက်ဟာ ကျောင်းသူ၊ ကျောင်းသားတွေကို “ဆင်ခြင်သုံးသပ်တဲ့ ဉာဏ်၊ ဆင်ခြင်သုံးသပ်တဲ့ အလေ့အထ”ကို ဆယ်စုနှစ်နဲ့ချီပြီး သင်ပေးတာဖြစ်ပါတယ်။ အဲဒါကို အင်္ဂလိပ်လိုတော့ Critical Thinking လို့ ပြောရမယ်ထင်ပါတယ်။ အတန်းကျောင်းတွေက အဲဒီလို ဆင်ခြင်သုံးသပ်တတ်အောင် တစ်ခုတည်း သင်ပေးတာမဟုတ်ပါဘူး။ ကျောင်းမှာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ဖို့၊ ကျောင်းစာတွေကို ကိုယ်တိုင် ဖြေရှင်းတတ်ဖို့၊ အဲဒီလို ဖြေရှင်းတဲ့အခါ စဉ်းစားပုံစဉ်းစားနည်းတွေ အခြေခံကျကျသိသွားဖို့၊ ကိုယ့်သိချင်တာကို ကိုယ့်တိုင်ရှာဖွေလေ့လာတတ်ဖို့၊ အလုပ်ကို အခြေခံကစပြီး စည်းစနစ်ကျနစွာ လုပ်တတ်အောင်၊ အချိန်မှန်မှန်လုပ်တတ်လာအောင် ဒါတွေက အစသင်ပေးတာဖြစ်ပါတယ်။ 

ဒါကြောင့် အတန်းကျောင်းက ပညာရပ်တွေဟာ လက်တွေ့သုံးမရတာက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက အတန်းကျောင်းပြီးတဲ့အခါ ဆင်ခြင်သုံးသပ်တဲ့ ဉာဏ်နဲ့ အလေ့အထမရှိတာက ပြဿနာဖြစ်ပါတယ်။ မူလရည်ရွယ်ချက်ကကောင်းပေမဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကြီးက အလွတ်ကျက် ပညာရေးစနစ်ကြီးနဲ့ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရတော့ လူတွေဟာ ဆင်ခြင်သုံးသပ်တဲ့အပိုင်းမှာ အားနည်းကုန်ကြပါတယ်။ 

ဘာပဲဖြစ်ဖြစ် အတန်းကျောင်းဟာ အသိပညာကို ဦးစားပေးသင်ပေးတယ်လို့ ဆိုနိုင်ပါတယ်။

အတတ်ပညာသည် ပညာလော

အတန်းကျောင်းတွေက အသိပညာကိုဦးစားပေးသင်ပေးတယ်လို့ဆိုတဲ့အခါ အတတ်ပညာကို ဦးစားပေးသင်ပေးလို့ မရဘူးလား မေးစရာရှိပါတယ်။ သင်ပေးလို့ ရသလို သင်ပေးနေတဲ့ ကျောင်းတွေလည်းရှိပါတယ်။ 

ဥပမာ မြန်မာနိုင်ငံမှာ ဖွင့်လှစ်နေတဲ့ သက်မွေးပညာသင်တန်းတွေ၊ သက်မွေးပညာသင်တန်းကျောင်းတွေ၊ နောက်ပြီး ဂျီတီအိုင်တက္ကသိုလ်တွေ။ ဒါတွေက အတတ်ပညာကို သင်ပေးတာဖြစ်ပါတယ်။ 

လက်သမားအတတ်ကို သက်မွေးသင်တန်းကျောင်းမှာသင်ပြီးရင် ကျောင်းပြီးတဲ့အခါ ခုံတွေ၊ စားပွဲတွေ၊ ပရိဘောဂတွေ လုပ်တတ်ပါလိမ့်မယ်။ Civil Engineering ကိုသင်မယ်ဆိုရင် ကျောင်းပြီးတဲ့အခါ မြို့ပြင်အင်ဂျင်နီယာအနေနဲ့ အိမ်တွေ၊ တံတားတွေ၊ အဆောက်အအုံ ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါမျိုးကို အရင်ကတော့ သက်မွေးသင်တန်းကျောင်းလို့ ခေါ်ပါတယ်။ စင်ကာပူက ပိုလီတက္ကနစ်ဆိုတာဟာ ဒီလိုသက်မွေးပညာရပ်တွေကို သင်ပေးတာဖြစ်ပါတယ်။ တကယ်တော့ စင်ကာပူက ပိုလီတက္ကနစ်ဆိုတာ မြန်မာနိုင်ငံက RIT ကို တုပပြီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ 

နောက်တစ်ချက်ကတော့ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကိစ္စပါ။ ကိစ္စတစ်ခုကို ထပ်တလဲလဲလုပ်ရင် ကျွမ်းကျင်သွားတဲ့ သဘောရှိပါတယ်။ ဒါကြောင့်လည်း ပညာရပ်တစ်ခုကို လေ့လာမယ်ဆိုရင် နာရီပေါင်းတစ်သောင်း လေ့လာပြီးရင် တတ်မြောက်တယ်။ ပရော်ဖက်ရှင်နယ် အဆင့်ဖြစ်တယ်လို့ ပြောကြတာဖြစ်ပါတယ်။ 

ဥပမာ အထည်ချုပ်စက်ရုံမှာ အထည်တွေကို ထပ်ခါထပ်ခါချုပ်နေရတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်ပါ။ သူတို့ဟာ အတော်ကို ကျွမ်းကျင်ကြတဲ့ စက်ရုံဝန်ထမ်းတွေဖြစ်ပါတယ်။ စက်ချုပ်နည်းအတတ်ကို တတ်မြောက်ထားကြတဲ့လူတွေပါ။ တတ်မြောက်သလို ကျွမ်းကျင်မှုလည်းရှိကြပါတယ်။ 

ဒီတော့ လူတစ်ယောက်ဟာ ဗီဒီယိုတည်းဖြတ်တာ၊ စက်တွေပြင်တာ၊ လေယာဉ်မောင်းတာ၊ ရထားမောင်းတာ ဒီလိုကိစ္စတွေကို ကာလတစ်ခုကြာ လုပ်နေမယ်ဆိုရင် ကျွမ်းကျင်သွားမှာပဲ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ အတတ်ပညာပါပဲ။  ဘယ်ပညာရပ်ပဲဖြစ်ဖြစ် ဒီလိုသင်ရင် ကျွမ်းကျင်သွားမှာပဲ ဖြစ်ပါတယ်။ 

ShweNote နဲ့အတူ ဆုကြီးတွေယူ

အချိန်မရလို့ စာမဖတ်ဖြစ်တာလား၊ စာအုပ်တွေက များလွန်းနေလို့ ဘာဖတ်ရမှန်း မသိတာလား။ ကားပေါ်မှာ… ကော်ဖီဆိုင်မှာ... အိမ်မှာ... နာမည်ကြီး စာအုပ်တွေကို အချိန်တိုတိုနဲ့ ဖတ်ခွင့်ရမယ်၊ စာနဲ့ရော အသံနဲ့ပါဆိုရင် စိတ်ဝင်စားလား။ 

နာမည်ကြီး စာအုပ်တွေရဲ့ အနှစ်ချုပ်တွေ၊ Audio Book တွေကို လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ လုပ်စရာရှိတာ လုပ်ရင်းဖြစ်ဖြစ် အဆင်သင့် နားထောင်နိုင်ဖို့ ShweNote ရှိပါတယ်။ စာဖတ်ချင်ရင် Book Summary၊ အသံ နားထောင်ချင်ရင် Audio Book အချိန်၊ နေရာမရွေး လက်လှမ်းမီနိုင်တဲ့ Digital Library . . .။

၂၀၂၅ ခုနှစ်မှာ သင့်ဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲတွေ ရှိလာဖို့ ဒီနေ့က စလို့ တစ်နေ့ကို စာတစ်ပုဒ် ShweNote နဲ့ တူတူ ဖတ်ပါ။ ဒီဇင်ဘာလထဲ Subscription ဝယ်ဖြစ်ရင်လဲ သိန်း ၂၀၀ တန်ဖိုးရှိ ဆုကြီးတွေကို ကံစမ်းနိုင်အုံးမယ်။ 

တစ်နေရာတည်းမှာ အကုန်ရနိုင်တဲ့ ရွှေနုတ် . . . အသိပညာကုန်ကြမ်းတို့ရဲ့ ရေသောက်မြစ်

ဝယ်ယူနိုင်ဖို့ ဒီလင့်ခ်ကို နှိပ်ပါ

အသိပညာနှင့်  အတတ်ပညာကို စီးခြင်းထိုးခြင်း

အသိပညာက စဉ်းစားမှုကို သင်ပေးတာ၊  အတတ်ပညာကျ ကျွမ်းကျင်မှုကို သင်ပေးတာပါ။ အသိပညာကတော့ မြင်သာအောင် ချက်ချင်းအသုံးချဖို့ ခက်ခဲနိုင်ပေမဲ့ အတတ်ပညာကျ တတ်မြောက်သွားရင် ချက်ချင်းပြန်ပြီး အသုံးချလို့ရပါတယ်။ ဒီတော့ ဘာက ပိုအရေးကြီးပါသလဲ။ 

ကျွမ်းကျင်မှုရှိတဲ့လူဖြစ်ဖို့ထက် အသိပညာရှိတဲ့လူဖြစ်ဖို့က ပိုခက်ခဲပါတယ်။  လုပ်ငန်းရှင်တွေအတွက်လည်း Skill ရှိတဲ့ ဝန်ထမ်းကို ရှာရတာထက် စဉ်းစားဆင်ခြင်နိုင်တဲ့၊ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စီမံခန့်ခွဲသူတွေကို ရှာရတာက ပိုပြီးခက်ခဲပါတယ်။  ကျွမ်းကျင်မှုရှိတဲ့ အထည်ချုပ်အလုပ်သမားတစ်ယောက်ကို ရှာဖွေရတာထက် အထည်ချုပ်လုပ်ငန်းကြီးတစ်ခုလုံးကို စီမံခန့်ခွဲနိုင်သူကို ရှာရတဲ့က ပိုခက်ခဲပါတယ်။ 

ဒါကြောင့်လည်း ပြဿနာကို ဖြေရှင်းနိုင်တဲ့၊ ယုတ္တိဗေဒကျကျ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိပညာရှိသူမျိုးကပဲ အကြီးအကဲဖြစ်ပါတယ်။ 

လူတစ်ယောက်ဟာ သူ့ဘဝမှာ ကောင်းမွန်တဲ့ အသက်မွေးမှုဖြစ်ဖို့ အနည်းဆုံး အတတ်ပညာတစ်ခုကိုတော့ မဖြစ်မနေ တတ်မြောက်ဖို့လိုပါတယ်။ အဲဒီလိုတတ်မြောက်ပြီး ဆင်ခြင်သုံးသပ်တဲ့ ဉာဏ်၊ အကျိုးသင့်အကြောင့်သင့် စဉ်းစားနိုင်တဲ့ ဉာဏ်၊ အရာတော်တော်များများကို ယထာဘူတကျကျ စဉ်စားဆင်ခြင်နိုင်တဲ့ အသိပညာမျိုးရှိလာပြီဆိုတဲ့အခါ သူ့ရဲ့ဘဝဟာ တစ်ဆင့်မြင့်သွားမှာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ပုံမှန်ဘဝမှာ အသက်မွေးဖို့ အတတ်ပညာတစ်ခု လိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းကို အကျိုးပြုတဲ့ အလုပ်အကိုင်မျိုး၊ ကြီးကျယ်ခမ်းနားတဲ့လုပ်ငန်းကြီးမျိုးတွေအတွက်ကတော့ အသိပညာက မရှိမဖြစ်ပဲ ဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် အသိပညာရှင်၊ အတတ်ပညာရှင် နှစ်မျိုးစလုံးဟာ လူ့လောကကြီးအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အကျိုးပြုနေကြတာဆိုတာကိုတော့ မမေ့အပ်ပါဘူး။

အတန်းပညာဟာ ငွေရှာနိုင်စွမ်းနဲ့ သက်ဆိုင်လား

ဒီမေးခွန်းအတွက်အဖြေကတော့ ယတိပြတ်ပြောဖို့ ခက်ပါတယ်။ 

အတန်းပညာမရှိပေမဲ့ ထိပ်တန်းရောက်နေသူတွေရှိသလို အတန်းပညာရှိပေမဲ့ အလုပ်မရှိလို့ ဝင်ငွေမရှိသူတွေ ၊ Ph.D ဘွဲ့တောင်ရပေမဲ့ အလုပ်မရှိသူတွေလည်းရှိပါတယ်။ ဒီလိုပဲ အတန်းပညာရှိမှ လုပ်လို့ရတဲ့ အလုပ်တွေကလည်း ကမ္ဘာမှာ တစ်ပုံတပင်ပါ။ အဲဒီလို အလုပ်တွေဆိုရင်လည်း အတန်းပညာမတတ်တဲ့ လူတွေက အနားတောင် မကပ်နိုင်ကြဘူးဆိုတာ လက်တွေ့ပါ။ 

မြန်မာနိုင်ငံအနေနဲ့ စဉ်းစားကြည့်ရအောင်ပါ။ တကိုယ်စာ အသက်မွေးမှုအတွက်တော့ အတန်းပညာမရှိလည်း ဖူလုံကောင်း ဖူလုံနိုင်ပါတယ်။ ဥပမာ အကြော်ရောင်းမယ်ဆိုပါစို့။ ဈေးကွက်ရှိမယ်။ ဈေးသင့်မယ်။ စားသုံးသူအပေါ် ဝန်ဆောင်မှုကောင်းမယ်ဆို ဘာအတန်းပညာမှ မလိုပါဘူး။အကြော်ရောင်းတဲ့အတတ်ပညာ တစ်ခုနဲ့ ကိုယ့်ဘဝကို ရပ်တည်ကောင်း ရပ်တည်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ကိုယ်က အကြော်ရောင်းတာထက် ပိုပြီးဝင်ငွေရချင်တယ်ဆိုပါစို့။ ဒီတော့ ကိုယ့်ရဲ့ ထုတ်ကုန်တစ်ခုကို ဥရောပဈေးကွက်ကို ထိုးဖောက်ကြည့်ပါမယ်။ တွက်ဆရမဲ့ ဈေးကွက်ကိစ္စတွေ၊ ပြည်တွင်းပြည်ပ ဥပဒေတွေ၊ ဈေးကွက်အနေအထားတွေ၊ ဈေးနှုန်းသတ်မှတ်မှု၊ ကုန်ကြမ်းရရှိမှု၊ ဖြန့်ဖြူးရာလမ်းကြောင်း ဒီလိုအချက်အလက်တွေကို ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေရရဖို့ လုပ်ဆောင်ရမှာပါ။ ဒီ‌တော့ အကြော်ရောင်းသလောက် မလွယ်တော့ပါဘူး။ ဒီတော့ အတန်းပညာရှိဖို့ လိုအပ်လာပါတယ်။ အတန်းပညာ မရှိရင်တောင် အသိပညာရှိတဲ့ ပညာရှင်တွေဆီက အကြံဉာဏ်ကိုရမှ ဒါမျိုးကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

ဒီလိုပဲ ကိုယ်က ဆရာဝန်တစ်ယောက် အနေနဲ့ ငွေရှာချင်တယ် ဒါမှမဟုတ် လူ့အသက်ကို ကယ်ချင်တယ်ဆိုရင် အတန်းပညာမရှိလို့မရပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရင် ကိုယ်က NASA တို့ ၊ UN တို့၊ Microsoft တို့မှာ လုပ်ကိုင်ချင်တယ်ဆိုရင် အတန်းပညာရှိမှ ဖြစ်ပါလိမ့်မယ်။ 

ဒီတော့ ကမ္ဘာပေါ်မှာ အတန်းပညာဟာ ငွေရှာတာနဲ့ အချိုးကျတယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံကတော့ ဘွဲ့ရတွေကို အလုပ်မပေးနိုင်လို့ ငွေရှာတာနဲ့ အတန်းပညာတတ်မြောက်တာ တိုက်ရိုက်အချိုးကျချင်မှ ကျပါလိမ့်မယ်။ ဒါကြောင့်လည်း အတန်းပညာနဲ့ငွေရှာနိုင်စွမ်းသက်ဆိုင်လားဆိုတဲ့ မေးခွန်းအတွက်အဖြေက ယတိပြတ်ဖြေဖို့ ခက်နေတာဖြစ်ပါတယ်။ 

ဒါပေမဲ့လည်း ယေယုယျလက်ခံထားတာကတော့ အတန်းပညာတတ်ရင်တော့ ငွေရှာတဲ့အခါ သက်တောင့် သက်သာရှာနိုင်တယ်။ အလုပ်ရလွယ်ကူတယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါကလည်း လက်တွေ့မှန်ကန်တဲ့ သဘောတရားတစ်ခုဖြစ်ပါတယ်။ 

ဥပမာပြောရရင်တော့ အောက်စဖို့ဒ် စီးပွားရေးတက္ကသိုလ်က ကျောင်းပြီးသူနဲ့ မြန်မာနိုင်ငံက စီးပွားရေးဘွဲ့ရတစ်ဦး အလုပ်ယှဉ်လျှောက်တဲ့အခါ ဘယ်သူ့ကို ဦးစားပေးရွေးမလဲဆိုတာမျိုး စဉ်းစားနိုင်ပါတယ်။ ဒါတောင် ဘွဲ့ရချင်းယှဉ်တာဖြစ်ပြီး ဘွဲ့မရသူနဲ့ဘွဲ့ရသူဆို ကိုယ်သာအလုပ်ရှင်ဖြစ်ရင် ဘယ်သူ့ကို အလုပ်ခန့်မယ်ထင်ပါသလဲ။ အဲဒီလို စဉ်းစားကြည့်လို့ရပါတယ်။ 

အနှစ်ချုပ်ကတော့ တကိုယ်စာဝမ်းရေးအတွက်ကတော့ ထင်းခုတ်စားလည်း ရကောင်းရပါလိမ့်မယ်။ ကြီးကျယ်တဲ့ အလုပ်တွေအတွက်တော့ အတန်းပညာက အရေးကြီးပါတယ်။ အတန်းပညာမတတ်လည်း ငွေရှာနိုင်ပါတယ်။ ဒါပေမဲ့ အတန်းပညာတတ်ရင် ငွေကို ပိုပြီးသက်တောင့်သက်သာရှာနိုင်ပါလိမ့်မယ်။ 

ပညာလား ငွေလား

တစ်ခါတလေကျ ဘဝမှာ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ဖို့ ပြောလာတဲ့အခါ ဆုံးဖြတ်ရခက်ပါတယ်။ ဥပမာ သင့်မျက်လုံးတစ်လုံးကို သိန်းတစ်သောင်းပေးမယ်ဆို ဘယ်ဖက်မျက်လုံးကို ရောင်းမှာလား၊ ညာဖက်မျက်လုံးကို ရောင်းမှာလား ဆိုတာမျိုးပေါ့။ 

ဒီလိုပဲ ပညာလား ၊ ငွေလား ရွေးချယ်ဖို့ ပြောတဲ့အခါ နှစ်ခုစလုံး မရနိုင်လို့လားဆိုပြီး ပြန်မေးဖို့ရှိလာပါတယ်။ 

ဘာကြောင့်လဲဆိုတော့ ဘဝမှာ ပညာလည်း အရေးကြီးသလို ငွေလည်းပဲ အရေးကြီးပါတယ်။ ငွေမရှိဘဲ ပညာမသင်နိုင်သလို၊ ပညာမရှိဘဲလည်း ငွေရှာဖို့က အင်မတန်ခက်ခဲပါတယ်။ 

အနည်းဆုံးတော့ ကျွမ်းကျင်မှုလို့ခေါ်တဲ့ ငွေရှာနည်း အတတ်ပညာတစ်ခုခု တတ်မြောက်ဖို့ လိုအပ်ပါတယ်။ 

ပြီးရင် ကိစ္စရပ်တွေကို ယထာဘူတကျကျ ခွဲခြမ်းစိတ်ဖြာ စိစစ်သုံးသပ်နိုင်စွမ်းဆိုတဲ့ ပညာရှိဖို့ လိုပါတယ်။ ငွေရှာနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုလည်း တတ်မြောက်ပြီ၊ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း၊  ခွဲခြမ်းစိတ်ဖြာ စိစစ်သုံးသပ်နိုင်စွမ်းလည်းရှိပြီဆိုရင် ငွေရှာရတာက ပိုပြီး လွယ်ကူပါလိမ့်မယ်။ 

ပညာရဲ့မူလသဘောက ပိုင်းခြားတဲ့သဘောဆိုတာကို ရှေ့မှာ ဖော်ပြခဲ့ပြီးပါပြီ။ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ပိုင်းခြားသိမြင်နိုင်တဲ့ ပညာဉာဏ်ရှိလာတဲ့အခါ လူပီပီသသ နေနိုင်မှာဖြစ်ပါတယ်။ ဘယ်အရာက လူ့ပတ်ဝန်းကျင်အတွက် အရေးကြီးတယ်။ ဘယ်အရာက အရေးမကြီးဘူး။ သမ္မာအာဇီဝကျကျ စီးပွားရှာမလား၊ ဒါမှမဟုတ် သူများမျက်ရည်ကြီးငယ်ကျအောင်လုပ်ပြီး စီးပွားရှာမလား။ ကိုယ့်စီးပွားရေးကြောင့် ကိုယ့်ပတ်ဝန်းကျင် ပျက်စီးတာမျိုးနဲ့ စီးပွားရှာမလား။ ကိုယ့်စီးပွားရေးကြောင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်လူမှုအဖွဲ့အစည်း တိုးတက်စေမလား၊ နိမ့်ကျစေမလားဆိုတာမျိုးကို ပညာနဲ့ ဆုံးဖြတ်ရတာဖြစ်ပါတယ်။ 

ဒါကြောင့် လူပီပီသသနဲ့ ကောင်းမွန်တဲ့လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်မယ်ဆိုရင်တော့ ပညာတတ်ဖို့ လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။ ကျွမ်းကျင်မှုအတွက်ဆိုရင်တော့ သင့်နေရာမှာ အစားထိုးဖို့ စက်ရုပ်တွေနဲ့ အေအိုင်တွေက အဆင်သင့်ရှိနေပါတယ်။ 

တကယ်တော့ ပညာနဲ့ ငွေကြေး ဘယ်ဟာအရေးကြီးလဲဆိုတာမျိုးက ရှေးမျိုးဆက်တွေက ဖြေပြီးသား ပုစ္ဆာတစ်ပုဒ်ပါ။ 

လိုရာခရီးရောက်ဖို့ “ဘီး” ဆိုတာကို လူသားတွေ တီထွင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့ပါပြီ။ လူသားတွေအနေနဲ့ “ဘီး”ကို အစကနေ ပြန်တီထွင်ဖို့ မလိုအပ်တော့ပါဘူး။ “ဘီး”ဟာ လည်ပတ်စေတတ်ကြောင်း သက်သေပြဖို့လည်း မလိုအပ်တော့ပါဘူး။ ဒီလိုပဲ ပညာဆိုတာလည်း အရာရာထက် တန်ဖိုးရှိကြောင်း သက်သေပြဖို့ မလိုအပ်တော့ပါဘူး။ 

အဲဒီလိုလုပ်ပြနေရသေးတယ်ဆိုရင်လည်း အဲဒီလူ့အဖွဲ့အစည်းဟာ အတော်ကို နောက်ကျန်နေခဲ့တဲ့ လူ့အဖွဲ့အစည်းဖြစ်ပါလိမ့်မယ်။ 

နောက်ဆုံးကုန်ကုန်ပြောရရင် လောကီကိစ္စတွေမှ မဟုတ်ပါဘူး။ လောကုတ္တရာကိစ္စမှာလည်း ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုရင်တောင် ပညာဟာ အရာရာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်စခန်းကို ဆိုက်ရောက်ဖို့တောင် ပညာမပါရင် မရောက်နိုင်ဘူးဆိုတာ မီးမောင်းထိုးပြလိုက်ရပါတယ်။ 

ဟန်သစ်အိမ် ( Y3A )

Read More:

မြန်မာ့အိမ်ခြံမြေဈေးကွက်နှင့် ပြည်သူများ၏ အိမ်ပိုင်အိပ်မက်
၂၀၂၁-၂၀၂၄ ကာလအတွင်း မြန်မာ့အိမ်ခြံမြေဈေးကွက်ကို လှုပ်ခတ်ခဲ့သည့် သက်ရောက်မှုများနှင့် ပြည်သူများ၏ အိမ်ပိုင်အိပ်မက်အပေါ် ရိုက်ခတ်မှုများ
မြန်မာပြည်က “ပေါများ”များ
ရေဘေးဒဏ်ခံ မြန်မာပြည်မှာ မျှော်လင့်ချက်ရဲ့ အလင်းရောင်လေး အသက် ၁၂ နှစ်အရွယ် ပေါများလေးကစလို့ အသက်စွန့်ခဲ့တဲ့ စောနော်ဂျာတို့အထိ၊ ရွှံ့တွေထဲ ဆင်းပြီး သန့်ရှင်းရေးလုပ်ပေးခဲ့တဲ့ နမ့်လတ်အဖွဲ့သားတွေအထိ

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!