" ဒီကိုပဲ လာခဲ့လိုက်တော့။ အတူတူရှိနေတာပဲ ကောင်းတယ်။ တကွဲတပြားဖြစ်နေတော့ ဘာဖြစ်မယ်မှန်းမသိ နေ့တိုင်း စိတ်ပူနေရတာ"
ဒီရက်ပိုင်းတွေထဲ သူ အများဆုံးကြားရတဲ့စကားက သူ့မိဘတွေရဲ့ အဲဒီစကားပဲဖြစ်မယ်လို့ ကိုဆံရှည်က ပြောပါတယ်။
ဖြူဖြူသွယ်သွယ် ၊ အရပ်မြင့်မြင့် နဲ့ အေးဆေးတဲ့ ရုပ်သွင်ရှိပေမဲ့ နှာခေါင်းနဲ့ မေးရိုးအကျက ဟစ်တလာနဲ့ဆင်လို့ သူငယ်ချင်းတွေက ဟစ်တလာလို့ စ ကြတဲ့ ကိုဆံရှည်က ကယားပြည်နယ်ကနေ ရန်ကုန်ကို ပြောင်းရွှေ့အခြေချလာတဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ယောက်ပါ။
နယ်ဝေးကလူငယ်တွေ မျိုးဆက်အလိုက်သယ်ဆောင်လာတဲ့ ရန်ကုန်အိပ်မက်ကို သူလည်းမက်ခဲ့ပါတယ်။ ဘောလုံးကို အရူးအမူးနှစ်သက်သူဖြစ်တဲ့ ကိုဆံရှည်ရဲ့အိပ်မက်က ဘောလုံးသမားဖြစ်ဖို့တော့ မဟုတ်ပါဘူး။ သူ တကယ်ရည်ရွယ်တာက Motion Graphic Designer တစ်ယောက် ဖြစ်လာဖို့ပါ။ သူ့ဇာတိမြေမှာတော့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ လျှပ်စစ်မီးလုံလောက်မှုမရှိ၊ အင်တာနက်လိုင်းနှေးကွေးတဲ့အရပ်မှာ Motion Graphic Designer ဆိုတဲ့ သူ့ရဲ့အိပ်မက်က လေထဲတိုက်အိမ်ဆောက်သလို ဖြစ်နေခဲ့တာပါ။
ကိုဆံရှည်က ဖယ်ခုံမြို့ပေါ်မှာ နေတာပါ။ သူ့ဇာတိဖယ်ခုံမြို့လေးဟာလည်း wခြားတိုင်းရင်းသားဒေသတွေက မြို့လေးတစ်မြို့လိုပဲ အရာရာနှေးကွေးပါတယ် ။ တောင်ယာ လုပ်ချင်ရင်လုပ်၊ အဲဒါမှမဟုတ်ရင် အစိုးရအလုပ်ကိုသာ အလုပ်လို့ မှတ်ယူထားတဲ့မြို့လေးကနေ ကိုဆံရှည်တစ်ယောက် ရုန်းထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါနဲ့ပဲ သူ့သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ ၂၀၁၈ မှာ ရန်ကုန်ကို တက်လာခဲ့တယ်။ ရန်ကုန်ကို ရောက်တော့ သူ့ဇာတိမြို့လေးနဲ့ လားလားမှမဆိုင်တဲ့လူအုပ်ကြီးကို ပထမဆုံးတွေ့တော့တာပါပဲ။ ဒီလောက်များတဲ့ လူတွေ ဥဒဟိုသွားလာနေကြတာဟာ ရန်ကုန်ရဲ့အမှတ်သညာတစ်ခုဆိုတာကို နောက်တော့ သူသိလာတယ်။ ရန်ကုန်ရဲ့အသက်က အဲဒီကျပ်ခဲနေတဲ့ လူအုပ်ကြီးတွေပဲ။ "ရန်ကုန်ဟာ ကျဉ်းပါတယ်။ ဒါပေမဲ့ ပြန်မဆုံနိုင်တော့ဘူး" ဆိုတဲ့ ဝင်းမြင့်ကဗျာကို သူကြိုက်ခဲ့တယ်။ အဲဒီကဗျာဖတ်တုန်းက တစ်ခါမှမရောက်ဖူးသေးတဲ့ ရန်ကုန်ကို စိတ်ကူးနဲ့ မှန်းဆကြည့်ဖူးတယ်။ ရန်ကုန်ဟာ တကယ်ပဲ ကျဉ်းသလားပေါ့။
သူ ရန်ကုန်ကိုရောက်လာတော့မှ စတုရန်းကီလိုမီတာ တစ်သောင်းကျော်ကျယ်တဲ့ ဧရိယာထဲမှာ အများသုံးယာဉ်လိုင်း တစ်ရာကျော်ရှိနေတဲ့ ရန်ကုန်ဟာ သူ့အတွက်တော့ ကမ္ဘာကုန်ကျယ်သရွေ့ ဖြစ်နေတယ်။ သွားရာလမ်းကြောင်းမတူတဲ့ ၊ နံပါတ်မျိုးစုံတပ်ထားတဲ့ ရန်ကုန်ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ထဲ ယာဉ်လမ်းကြောင်းမမှားဖို့ဟာ သူ့လို နယ်မြို့လေးက လူငယ်တစ်ယောက်အတွက် တော်တော်လေး ခက်ခဲတဲ့ကိစ္စပါ။ ဒါပေမဲ့ သူ့အတွက်တော့ ရန်ကုန်ဟာ ကြီးကျယ်ခမ်းနားတဲ့မြို့ကြီးဆိုတာထက် မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ကို ပြန်ဆုံရသလို နွေးထွေးမှုပေးတယ်။ ရန်ကုန်မှာ သူလို့ ရန်ကုန်အိပ်မက်, မက်နေကြသူတွေ ရှိတယ်ဆိုတဲ့အသိက သူ့ကို နွေးထွေးစေတယ်။ စမ်းတဝါးဝါးနဲ့ ရန်ကုန်ကို တက်လာခဲ့ပေမဲ့ လူပေါင်းစုံ၊ ကာလာပေါင်းစုံ၊ ခံစားချက်အစုံ၊ ရသပေါင်းစုံရှိနေတဲ့ ရန်ကုန်ကို သူ အသားတကျဖြစ်လာတယ်။ အထူးသဖြင့်တော့ ရန်ကုန်ညတွေဟာ သူ့လို လွတ်လပ်တဲ့လူငယ်တစ်ယောက်အတွက် ရင်ခုန်စရာအပြည့်ပါပဲ။ ဒီအကြောင်းတွေကို ပြောနေချိန်မှာ ကိုဆံရှည်ရဲ့မျက်လုံးတွေက ရန်ကုန်ကိုရောက်ခါစလူငယ်လေးတစ်ယောက်လို ဖြစ်နေပါတယ်။
အခု ရန်ကုန်နဲ့ အသားကျသွားပြီလားလို့ မေးလိုက်တော့ "ပူတာကိုတော့ မကြိုက်ဘူး၊ ကျန်တာကတော့ အထွေအထူးအဆင်မပြေတာမျိုး မရှိပါဘူး"လို့ သူက ခပ်ဟဟ ဖြေပါတယ်။
ရန်ကုန်မှာ သုံးလသင်တန်းပြီးသွားတော့ သူ အလုပ်ရှာတယ်။ အလုပ်မရခင်စပ်ကြားမှာ သူငယ်ချင်းတွေစုပြီး ငှားထားတဲ့အခန်းလေးထဲမှာနေရင်း သူ့အနာဂတ်ကို သူတွေးတယ်။ စိတ်တိုင်းကျတဲ့ ကျေနပ်မှုမျိုးမရသေးပေမဲ့ သူ့အနာဂတ်အတွက် ကောင်းကွက်ကိုမျှော်ကိုးလို့ရနေသေးတယ်လို့ သူထင်တယ်။ ၂၀၁၅ မှာ NLD အစိုးရတက်လာတော့ အရင်ကထက်စာရင် အတွေးအမြင်နဲ့ အခွင့်အလမ်းတွေ ပိုကျယ်လာတယ်။ နောက်တော့ Digital Marketing Agency လေးတစ်ခုမှာ သူ အလုပ်ရသွားတယ်။ ကုန်ပစ္စည်းဒီဇိုင်းလေးတွေ လုပ်ပေးရတယ်။ လူငန်းခွင်ဝင်လာတော့ အတွေ့အကြုံနဲ့ အပေါင်းအသင်းတွေပါ တိုးလာတော့ ဒီလိုနဲ့ တဖြည်းဖြည်း အဆင်ပြေသွားမှာပါဆိုပြီး သူ့ကိုယ်သူ အားတင်းလို့ရခဲ့တယ်။
ဒါပေမဲ့ ကမ္ဘာ့ကိုဗစ်ကပ်ရောဂါကြီးဟာ ၂၀၁၉ မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့တယ်။ သူလည်း အများသူငါလိုပဲ ကပ်ရောဂါကို ထိတ်လန့်ခဲ့ပေမဲ့ ထူးထူးခြားခြားကြောက်လန့်နေတာမျိုးတော့ မဟုတ်ခဲ့ဘူး။ ကာကွယ်ဆေးတွေရလာတော့ သူ့စိုးရိမ်စိတ်က တော်တော်လေးပါးသွားတယ်။ သူ့အလုပ်ကလည်း ကပ်ရောဂါအစမှာ ခဏတော့ ရပ်သွားပေမဲ့ နောက်တော့ ပြန်အဆင်ပြေလာတယ်။ သူလည်း ရန်ကုန်လူနေမှုနဲ့ တော်တော်လေး အသားကျလာတယ်။ ဖယ်ခုံကိုလည်း အခွင့်ရရင် ရသလိုတော့ ပြန်ဖြစ်တယ်။ သူ့ဇာတိမှာတော့ တချို့လူငယ်တွေ နိုင်ငံခြားထွက်လာကြတယ်။ သူ့မိဘကလည်း သူ့ကို နိုင်ငံခြားသွားမလားလို့ မေးပေမဲ့ သူက ရန်ကုန်မှာ ပျော်နေပြီ။ ဖြစ်နိုင်ရင် သူ ရန်ကုန်မှာ နည်းနည်းကြာကြာနေချင်သေးတယ်။ နောက်တော့မှ နိုင်ငံခြားထွက်တာဖြစ်ဖြစ် ဒါမှမဟုတ် ဖယ်ခုံမှာပဲ သင်တန်းပြန်ဖွင့်တာဖြစ်ဖြစ် လုပ်မယ်လို့ စိတ်ကူးထားခဲ့တယ်။
၂၀၂၀မှာ ရွေးကောက်ပွဲလုပ်တယ်။ ရွေးကောက်ပွဲအချိန် သူရန်ကုန်မှာပဲ ရှိနေတော့ ကြိုတင်မဲထည့်လို့ရပေမဲ့ ဘယ်ကိုမှ မဲမထည့်ခဲ့ဘူး။ အဲဒါကလည်း ထူးခြားတဲ့နိုင်ငံရေးခံယူချက်တွေဘာတွေ ရှိလို့မဟုတ်ပါဘူး။ သူ မဲမထည့်လည်း NLD ပဲ နိုင်မယ်ဆိုတာ သိသာနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အလမ်းက ပိုကောင်းလာဖို့ပဲရှိတယ်လို့ သူတွေးမိတယ်။ ရန်ကုန်မှာ အတွေ့အကြုံအထိုက်အလျောက်ရပြီးသွားရင် ဖယ်ခုံကိုပြန်ပြီး ကွန်ပျူတာသင်တန်းဖွင့်မယ်လို့တောင် သူ စိတ်ကူးယဉ်နေပြီ။ ဖယ်ခုံမှာ ကွန်ပျူတာအဆင့်မြင့်သင်တန်း ကောင်းကောင်းမရှိသေးတော့ အဲဒီဈေးကွက်ကို သူ စ မယ်လို့ တောင် မိသားစုကို စကား စ ထားပြီးပြီ။
ရွေးကောက်ပွဲပြီးတော့ လူမှုကွန်ယက်မှာ "သိမ်းချင်ရင်အမှိုက်သိမ်း"ဆိုတဲ့ ပို့စ်တွေ တက်လာတယ်။ သူတောင် ပို့စ်တင်မိသေးတယ်။ သူ့အတွက်လည်း အဲဒီကိစ္စဟာ ရယ်စရာဟာသတစ်ခုထက် မပိုခဲ့ဘူး။ ဒါပေမဲ့ အာဏာသိမ်းမှုဆိုတဲ့ ဆူနာမီလှိုင်းလုံးကြီးဟာ မျှော်လင့်ခြင်းကမ်းခြေမှာ နေပူဆာလှုံနေသူတွေအားလုံးအပြင် မြင်မြင်သမျှအရာအားလုံးကို ရိုက်ဖြိုပစ်ခဲ့ပါတယ်။
"အာဏာသိမ်းသွားတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အနာဂတ်က မရေရာမသေချာတွေ ဖြစ်ကုန်တယ်။
လှေကားထစ်တစ်ခုကို လှမ်းခါနီးမှာ ဆွဲချခံလိုက်ရသလို၊ တစ်ခုခုကို စမလို့ လုပ်တုန်း တစ်ယောက်ယောက်က အပြီးသတ် ဝင်တားပစ်လိုက်သလို ဖြစ်သွားတာ"
အာဏာမသိမ်းခင်ကာလအထိ သူ့မှာ ထူးထူးခြားခြား စိုးရိမ်ပူပန်တာမျိုး မရှိခဲ့ဘူး။ အနည်းဆုံးတော့ မျှော်လင့်ချက်အတွက် နေထိုင်လို့ရသေးတယ်လို့ ခပ်ဆဆ ပြောပါတယ်။
အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ကိုဆံရှည်တစ်ယောက် တစ်ခါမှမကြုံဖူးတဲ့ စိတ်ဓာတ်ကျမှုတွေ ဖြစ်ခဲ့ပါတယ်။ နယ်မြေမတည်ငြိမ်မှုကြောင့် မိဘတွေကလည်း စစ်ရှောင်ရင်း မန္တလေးဘက်က ဆွေမကင်းမျိုးမကင်းတွေရှိရာ ရွာမှာနေနေရပါတယ်။ သူ့ဇာတိ ကယားမြေကလည်း စစ်တလင်းပြင်အတိ ဖြစ်လာခဲ့ပါတယ်။ ရန်ကုန်မှာ ဧည့်စာရင်းနဲ့ နေနေရတဲ့ သူ့အတွက်လည်း လုံခြုံမှုက မရှိတော့ပါဘူး။ ဘာဆက်လုပ်ရမယ်မှန်းမသိတဲ့ ဝေဝါးမှုကြီးက ကိုဆံရှည်အပေါ်မှာ အငြိုးအတေးနဲ့ အုံဖွဲ့လာပါတယ်။ တစ်ပူပေါ်တစ်ပူဆင့်ဆိုသလို စစ်မှုထမ်းဥပဒေထွက်လာချိန်မှာတော့ အသက် ၂၈ နှစ်ဖြစ်နေတဲ့ ကိုဆံရှည်ရဲ့ အနာဂတ်ဟာ ပိုပြီးအေးခဲသွားပါတော့တယ်။
သူများတွေလို နိုင်ငံခြားထွက်ဖို့အတွက်လည်း သူ့မှာ အရာရာက ချို့တဲ့နေတယ်။ လုံလောက်တဲ့ငွေကြေးမရှိသလို မိသားစုရဲ့လက်ရှိအနေအထားအရလည်း သူ့ကို ထောက်ပံ့မှုမပေးနိုင်ပါဘူး။ မိဘတွေကတော့ စစ်ရှောင်နေတဲ့ မန္တလေးဘက်မှာပဲ သူတို့နဲ့ အတူတူ လာနေဖို့ ပြောပေမဲ့ ကျေးလက်လုံခြုံရေးအခြေအနေက ရန်ကုန််ထက်ပိုဆိုးတာကြောင့် သူ့အနေနဲ့ ရန်ကုန်မှာနေဖို့ကလွဲပြီး အခြားရွေးစရာမရှိတော့ဘူးလို့ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း ကိုဆံရှည်က ပြောပါတယ်။
တကယ်တမ်း ရန်ကုန်မှာ နေနေရပေမဲ့ ရန်ကုန်ဟာ သူသိခဲ့ဖူးတဲ့ ရန်ကုန် မဟုတ်တော့ပါဘူး။ ဥဒဟိုသွားလာနေတဲ့ လူအုပ်ကြီးဆီက ဝေဝါးနာကျင်မှုအနံ့ပြင်းပြင်းတွေ ရပါတယ်။ သူနှစ်သက်ခဲ့ဖူးတဲ့ ရန်ကုန်ညတွေဟာလည်း အရင်လို အရောင်မစုံတော့ဘဲ ဧည့်စာရင်းဆိုတဲ့ တံခါးခေါက်သံအောက်မှာ ခြောက်ကပ်သေဆုံးသွားခဲ့ပါပြီ။ အခွံကြီးသက်သက်ကျန်နေတော့တဲ့ သူ့ရဲ့အိပ်မက်ကိုလည်း သူ့ဘာသာသူ ခေါက်သိမ်းထားလိုက်ပါပြီ။ လက်ရှိ သူ့ရဲ့ တစ်နေ့တာဖြတ်သန်းမှုဟာ စိတ်လေခြင်းဝဲကတော့မှာ ပေါလောမျောနေသူတစ်ယောက်လို ဖြစ်နေပါတယ်။
"အိပ်မက်ထဲမှာတော့ ဖယ်ခုံကို ပြန်ရောက်သလိုလို၊ ရန်ကုန်မှာပဲ ရှိနေသလိုလိုတွေ မက်တယ်။ ဒါပေမဲ့ အိမ်ကိုမမှတ်မိတော့လို့ လမ်းပေါ်မှာ လျှောက်သွားနေရတာမျိုးတွေချည်း မက်နေတော့ အိပ်တောင် မအိပ်ချင်တော့ဘူး"
တကယ်တော့ မျှော်လင့်ချက်မဲ့ တွင်းနက်ကြီးထဲ တလိမ့်ခေါက်ကွေးကျသွားတာ ကိုဆံရှည်တစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါဘူး။
နုသစ်မိုး( Y3A )
ဆက်စပ်ဖတ်ရှုလိုလျှင် -